ကျောက်မဲမြို့နယ် နောင်ပိန်အနီး လေကြောင်းဗုံးနှင့် သေနတ်ပစ်ခတ်မှုကြောင့် ပိတ်မိပြည်သူ (၅) ဦးထက်မနည်း ထပ်မံသေဆုံး၊ ဂုတ်တွင်းထဲ တိုက်ပွဲပြင်းထန်

ကျောက်မဲမြို့နယ် နောင်ပိန်အနီး လေကြောင်းဗုံးနှင့် သေနတ်ပစ်ခတ်မှုကြောင့် ပိတ်မိပြည်သူ (၅) ဦးထက်မနည်း ထပ်မံသေဆုံး၊ ဂုတ်တွင်းထဲ တိုက်ပွဲပြင်းထန်

သျှမ်းပြည်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် တိုက်ပွဲကြား လေကြောင်းဗုံးနှင့် သေနတ်ပစ်ခတ်မှုကြောင့် ပိတ်မိပြည်သူ (၅) ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၄ ရက်) ညနေပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာနှင့် ဂုတ်တွင်းအနီးတဝိုက် Y-12 လေယာဉ်ဖြင့် ဗုံးကြဲခံရခြင်းကြောင့် လုံကြိမ်ရွာတွင် နေအိမ်ထဲ ပိတ်မိနေသည့် အမျိုးသားနှစ်ဦး ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရွာထဲမှာ အခြေအနေ လုံးဝ မကောင်းဘူး၊ ပိတ်မိနေတဲ့လူတွေ ဘယ်မှ ထွက်ပြေးလို့ မရတော့ဘူး။ လုံကြိမ်မှာ Y-12 နဲ့ လာဝဲပြီး ဗုံးကြဲသွားတာ ကိုညွန့်ဝင်းနဲ့ ဖိုးဖြူ နှစ်ယောက်ပွဲချင်းပြီး သေသွားတာ၊ မနေ့ညအထိ ဘယ်သူမှ အလောင်းသွားမကောက်ရဲကြဘူး။ ဘုန်းကြီးကျောင်းကို မထိဘူး၊ ဘေးနားချရင်းနဲ့ အိမ်တွေထိမိတာ”ဟု နောင်ပိန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လေကြောင်းဗုံးထိမှန်ပြီး သေဆုံးသူနှစ်ဦးမှာ နောင်ပိန်တိုက်နယ် လုံကြိမ်ကျေးရွာနေ အသက် (၅၀) ကျော်အရွယ် ဦးညွန့်ဝင်းနှင့် အသက် (၃၀) ကျော်အရွယ် စိုင်းဖိုးဖြူတို့ဖြစ်ပြီး လုံကြိမ်ဘုန်းကြီးကျောင်းတွင် ပြည်သူ (၁၀၀) နီးပါး ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ နောင်ပိန်ရွာအတွင်း ပိတ်မိနေသည့် ပြည်သူများလည်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား သေနတ်ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးသူဦးရေ မြင့်တက်လာပြီး ကူညီကယ်ဆယ်ရေး အဖွဲ့များကိုလည်း စစ်ကော်မရှင်တပ်က ရွာထဲသို့ ပေးမဝင်တော့ကြောင်း ဒေသခံများက ပြောသည်။

“ရပ်ကွက်(၄) က လင်မယားနှစ်ယောက်လည်း ကျင်းထဲပုန်းနေတာ ပစ်သတ်ခံရပြီး ဆုံးသွားပြီ။ မနေ့က အဲ့ဘက်တိုက်ပွဲဖြစ်တော့ စစ်သားတွေက ရောနေတာ။ ရှေ့ရက်ကလည်း ဦးလေးတစ်ယောက်ကို စစ်တပ်က ပစ်သတ်သွားလို့ ရွာထဲကျန်တဲ့လူတွေ သင်္ဂြိုဟ်ပေးလိုက်ရတယ်။ ရွာထဲ အိမ်စောင့်ကျန်တဲ့ လူတွေကို စိုးရိမ်ရတယ်”ဟု နောင်ပိန်စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ပိန်ရွာ ရပ်ကွက်(၄) တွင် ဩဂုတ်လ (၂၄) ရက်က သေနတ်ပစ်ခံရပြီး သေဆုံးသူ လင်မယားနှစ်ဦးမှာ အသက် (၅၀) ကျော်အရွယ် ကိုဝင်းလွင်နှင့် အသက် (၄၀) ကျော်အရွယ် မချော ဖြစ်ပြီး ဩဂုတ်လ (၂၃) ရက်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသူမှာ အသက် (၄၇) နှစ်အရွယ် ဦးစန်းလွင် ဖြစ်ကာ အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နောင်ပိန်ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် နောင်ပိန်ကျေးရွာအနီး ဂုတ်တွင်းလမ်းပိုင်း၌ TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး နောင်ချိုဘက်ရှိ စစ်ကော်မရှင်တပ်မှ လက်နက်ကြီးနှင့် ဒရုန်းအပြင် လေကြောင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုများကြောင်း သိရသည်။

ယနေ့ (ဩဂုတ်လ ၂၅ ရက်) နံနက် ၁၁ နာရီ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ် ရပ်ကွက်(၇) ရှိ ဝါဆိုကျောင်းဘက်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ထပ်မံစုံစမ်းနေသည်။

ထို့အပြင် ကျောက်မဲမြို့နယ်ရှိ နောင်ပိန်တိုက်နယ်မှ ပုံဝိုးတိုက်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၁ သောင်းနီးပါးအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...
April 21, 2026
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ...
April 20, 2026
စိုင်းခွမ်မိန်း —မြန်မာနှစ်သစ်ကူးရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကျဉ်းထောင် အသီးသီးရှိ...
April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...