ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော
Photo - ဒေသခံ
Photo - ဒေသခံ

သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။

ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA နှင့် MNDAA တို့ကို ဆန့်ကျင်ကြောင်း မြို့ပေါ်တွင် စီတန်းလှည့်လည်ကာ ဆန္ဒပြခိုင်းခဲ့သည်။

ထိုသို့ စစ်ကော်မရှင်လက်အောက်ခံများက ဒေသခံများကို အတင်းအကြပ် ခေါ်ယူကာ ညီနောင် မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် RCSS နှင့်လည်း သက်ဆိုင်မှု မရှိဘဲ သျှမ်းပြည်အတွင်း အတူနေ တိုင်းရင်းသားအချင်းချင်း အမြင်မှားအောင်၊ ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဟု ယူဆကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) အတွင်းရေးမှူး(၂)ဖြစ်သူ ဗိုလ်မှူးစိုင်းခမ်းစံက ပြောဆိုသည်။

“အဓိကတော့ သူတို့ဆန္ဒပြတာ သျှမ်းဝတ်စုံ ဝတ်ခိုင်းတယ်။ နောက် သျှမ်းအလံတွေ ထောင်ခိုင်းတယ်ဆိုတာ အဲ့ဒါပြောမယ်ဆိုရင် တိုင်းရင်းသားအချင်းချင်း အမြင်မှားအောင်၊ ပဋိပက္ခဖြစ်အောင် ဖန်တီးတယ်လို့ ကျနော်တို့ ယူဆတယ်လေ။ နောက်တစ်ခုက နိုင်ငံရေး အမြတ်ထုတ်တာပေါ့၊ ပြောမယ်ဆိုရင် ဒီတောင်ပိုင်းဒေသမှာ ဆန္ဒပြဖို့လည်း ဘာမှ မလိုဘူးလေ”ဟု RCSS ပြောရေးဆိုခွင့်လည်းဖြစ်သူ ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တောင်ပိုင်းရှိ စစ်ကော်မရှင် လက်အောက်ခံများက RCSS/SSA ထိန်းချုပ်လှုပ်ရှားနေသည့် မြို့နယ်များမှ ကျေးရွာဒေသခံများကို အစည်းအဝေးဟုဆိုကာ ဖိအားပေးခေါ်ယူခဲ့ပြီး မြို့ထဲရောက်မှ ညီနောင် မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်ဝေကာ ဆန္ဒပြခိုင်းခဲ့သည်ဟု ဆိုသည်။

အလားတူ မြို့ပေါ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီဝင်များလည်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးရယူပေးခဲ့ကြောင်း သိရသည်။

“RCSS နဲ့လည်း ဘာမှလည်း မပတ်သက်ဘူး။ အများအားဖြင့် တွေ့တဲ့ဆန္ဒပြတဲ့ လူတွေကျတော့လည်း သူတို့(စစ်ကော်မရှင်)ရဲ့ ဝန်ထမ်းတွေ၊ သူတို့ရဲ့ ပါတီဝင်တွေ အဲ့လိုလူတွေ သွားတာ။ တချို့တွေကလည်း ရွာကလူတွေ သွားပြီးတော့ ဘာမှမသိရဘူး၊ အစည်းအဝေး တက်မယ်ဆိုပြီးတော့ ရောက်တဲ့အချိန်ကျမှ သူတို့က ဆိုင်းဘုတ်ဝေပြီး စီတန်းလှည့်လည်ခိုင်းတာ အဲ့လိုမျိုးဖြစ်နေတာ”ဟု ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းအခြေစိုက် TNLA နှင့် MNDAA တပ်ဖွဲ့များကို ၎င်းတို့လှုပ်ရှားခြင်း မရှိသည့် သျှမ်းပြည်တောင်ပိုင်းမှ မိုးနဲ၊ မိုင်းပန်နှင့် ကွန်ဟိန်းမြို့များ၌ ယနေ့နံနက်ပိုင်းက စစ်ကော်မရှင်လက်အောက်ခံများ ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် “ရှမ်းပြည်သူလူထု အေးချမ်းစွာ နေနိုင်ရေး TNLA ၊ MNDAA ရှမ်းဒေသမှ အမြန်ဆုံး ထွက်ခွာပေး”၊ “MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်မှု ချက်ချင်းရပ်”၊ “TNLA အကြမ်းဖက်သမားများ ထွက်ခွာပေး ပြည်သူလူထုငြိမ်းချမ်းရေး” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခိုင်းကာ မြို့ပေါ်စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်သည်။

“မနေ့က စစ်တပ်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြောလာတာ အစည်းအဝေး ရှိလို့ လာကြဖို့ ပြောခိုင်းတာ။ ဒီနေ့မနက်သွားတော့ အဲ့ဆိုင်းဘုတ်တွေ ကိုင်ခိုင်းပြီး မြို့ပတ်ခိုင်းတာ။ မိုးနဲက အင်အား ၃၀၀ ကျော် ရှိမယ်၊ ဘေးရွာက လူတွေကော လာရတယ်။ မြို့ပေါ်ကလူတွေတော့ မပါဘူး”ဟု မိုးနဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မကြာသေးခင် နှစ်များအတွင်းက RCSS တပ်ဖွဲ့ကို မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် SSPP တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့များ ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ချိန်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေ့ရှု၍ သျှမ်းပြည်တွင်း အတူနေတိုင်းရင်းသားများကို အမုန်းတရား သွေးထိုးလှုံ့ဆော်ခြင်း မပြုလုပ်ခဲ့ကြောင်း သျှမ်းဘာသာဖြင့် RCSS ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် သျှမ်းပြည်သူများအနေဖြင့် နိုင်ငံရေး အသိတရားရှိပြီး သတိထားရန်၊ အခိုင်းခံဘဝ မရောက်ရှိရန် နိုင်ငံရေးနိုးကြားဖို့လိုကြောင်း ဗိုလ်မှူးစိုင်းခမ်းစံက တိုက်တွန်းထားသည်။

ထို့အပြင် သြဂုတ် ၁၉ ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၊ လဲချားမြို့နှင့် သြဂုတ်၂၀ ရက်တွင် သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့၊ နမ့်လန်မြို့တို့တွင် စစ်ကော်မရှင် လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဒေသခံများကို ဆန္ဒပြခိုင်းထားကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို ဆက်လက်ကိုင်စွဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ 7 EAO Alliance တွင် အဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က တာဝန်ယူထားပြီး ဖေဖော်ဝါရီလအတွင်းက မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာတွင် NCA အထိမ်းအမှတ် ငြိမ်းချမ်းရေးကျောက်တိုင်ကို ဖွင့်လှစ်ခဲ့သည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...