နွားထိုးကြီးမြို့နယ်တွင် အသက်ကြီးပိုင်းအရပ်သား ၅ ဦး အသတ်ခံရ

နွားထိုးကြီးမြို့နယ်တွင် အသက်ကြီးပိုင်းအရပ်သား ၅ ဦး အသတ်ခံရ
Photo - ဒေသခံ
Photo - ဒေသခံ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တံစိုးကျေးရွာ အနီးရှိ တောထဲတွင် ခိုလှုံနေသည့် အသက်ကြီးပိုင်း အရပ်သား ငါးဦး အသတ်ခံရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဗုံးခိုကျင်းထဲတွင် စွန့်ပစ်ခံခဲ့ရသည်ဟု ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။

အသတ်ခံရသူများမှာ ဩဂုတ်လ ၁၅ ရက်က စစ်အုပ်စုစစ်ကြောင်း၏ သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ခွေးရေတော ဟုခေါ်သည့် တောထဲရှိ တဲအိမ်တွင် တိမ်းရှောင်နေကြစဉ် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြင်းခြံမြို့နယ် လူသားချင်းစာနာထောက်ထားရေးအဖွဲ့ တာဝန်ခံက မဇ္ဈိမသို့ ပြောသည်။

“အပစ်မဲ့ သတ်ဖြတ်ခံရပြီး ရုပ်အလောင်းတွေကို ဗုံးခိုကျင်းထဲ ပစ်ထားခဲ့တယ်။ သေဆုံးသူတွေရဲ့ ပါးစပ်မှာ အဝတ်တွေ ထိုးထည့်ထားတယ်။ အလောင်းတွေကို ကောက်ယူဖို့ မဝံ့မရဲဖြစ်နေလို့ ပုပ်နေပြီ။ အဲဒီနေ့က သေဆုံးသူတဦးရဲ့ ကလေးက ထမင်းဆာလို့ သွားတောင်းရင်း အလောင်း ငါးလောင်း တွေ့ခဲ့လို့ ပြန်ပြေးလာခဲ့တာ။ ဒီနေ့မှ သေဆုံးသူတွေ ဘယ်သူတွေလဲ ဆိုတာ အတိအကျ သိရတာ” ဟု ၎င်းက ရှင်းပြသည်။

အသတ်ခံရသူများမှာ ဦးသန်းအောင် (အသက် ၇၆ နှစ်)၊ ဒေါ်ဝင်းကြည် (အသက် ၆၃ နှစ်)၊ ဒေါ်မြင့်ခိုင် (အသက် ၆၀ နှစ်)၊ ဦးပြုံးချို (အသက် ၄၆ နှစ်) နှင့် ဒေါ်အေး (အသက် ၄၇ နှစ်) တို့ဖြစ်ကြသည်။

ထို့ပြင်၊ အဆိုပါရက်တွင် စစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦးလည်း မီးလောင်သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်အုပ်စုစစ်ကြောင်းဝင်ရောက်လာပြီးနောက် အရပ်သားများကို သတ်ဖြတ်ရုံသာမက၊ Black Tiger အမည်ရှိ ကာကွယ်ရေးတပ်ဖွဲ့စခန်းတခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ဩဂုတ်လ ၁၅ ရက်မှစတင်ကာ တံစိုးကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ ကာကွယ်ရေးတပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တန်ပြန်ပစ်ခတ်ခဲ့ရာ စစ်အုပ်စုဘက်မှ အသေခံရဲတပ်သားတဦးနှင့် ပျူစောထီး နှစ်ဦး သေဆုံးခဲ့သည်ဟု ရှေ့တန်းရောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမသို့ ပြောသည်။

“တံစိုးမှာ မနေ့က (ဩဂုတ်လ ၁၇ ရက်) ညနေအထိ တိုက်ပွဲဖြစ်ခဲ့တယ်။ ဒရုန်းချတဲ့အချိန်မှာ ကွန်မန်ဒိုရဲတယောက်နဲ့ ပျူစောထီး နှစ်ယောက် သေတယ်” ဟု ၎င်းက ဆိုသည်။

ဩဂုတ်လ ၁၅ ရက်မှစ၍ စစ်အုပ်စုက တံစိုးကျေးရွာအတွင်း တပ်စွဲထားဆဲဖြစ်ပြီး၊ ထောက်ပို့လေယာဉ် (Y-12) ဖြင့် ဗုံးသီး ၁၀ လုံးထက်မနည်း ကြဲချခဲ့ရာ ဘုန်းကြီးကျောင်း အဆောက်အအုံ နှစ်လုံး ပျက်စီးသွားသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...
August 17, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများရှိ မြေရှားသတ္တုတူးဖော်မှုကို စည်းမျဉ်းချမှတ်...
August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...