ဖားကန့်ကို ဦးတည်ပြီး စစ်ကြောင်းထပ်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းကြောင်းတစ်လျှောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ခုခံတိုက်ခိုက်နေတဲ့အတွက် ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ဖက်တပ် အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကားမိုင်း၊ မိုးကောင်းမြို့နယ် ဘက်ကနေ စစ်အင်အား ရာနဲ့ချီ တက်လာတဲ့ စစ်ကြောင်းတွေက လက်ရှိ ရောက်ရှိနေတဲ့ အွမ့်ကထောင်(Um Kahtawng) နဲ့ လဂတ်ကောင့်(Lagat Kawng) နေရာကနေ နန့်ယားကျေးရွာဘက်ကို စစ်ကြောင်းထွက်ခွာဖို့ ကြိုးပမ်းနေတဲ့အတွက် လမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတာ ၃ ရက်ရှိလာပြီလို့ KIA နဲ့ နီးစပ်တဲ့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“စစ်ကြောင်းတွေက အထက်ကို တက်နိုင်ဖို့တော့ ကြိုးစားနေတယ်။ ဒီကနေ့ မနက်ပိုင်း အစောကြီးကတည်းက တိုက်ပွဲ ပြန်ဖြစ်နေပြီ။ စစ်ကြောင်းတွေက အွမ့်ကထောင်၊ လဂတ်ကောင့်မှာပဲရှိနေသေးတယ်။ KIA ဘက်ကလည်း စစ်ကြောင်းတက်လာလို့ မရအောင် ပိတ်ဆို့ပြီး တိုက်နေတယ်။ စစ်တပ်ဘက်က ဒရုန်းတွေနဲ့ အပြင်းအထန် ပစ်နေတယ်။ ဒီကနေ့ ဆိုရင် တိုက်ပွဲဖြစ်နေတာ ၃ ရက်ရှိလာပြီ” လို့ ပြောပါတယ်။
ကားမိုင်း – မအူပင် ကျေးရွာအထက် အွမ့်ကလောင့်နဲ့ လဂတ်ကောင့်တစ်လျှောက်မှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေက ဩဂုတ်လ ၁၂ ရက်နေ့ ကားမိုင်း၊ မိုးကောင်းမြို့ဘက်ကနေ စစ်ကြောင်းထိုးတက်လာခဲ့ကြတာ
ဖြစ်ပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဆက်တက်လို့မရဘဲ သောင်တင်နေတာ ဖြစ်ပါတယ်။
စစ်ကြောင်းထပ်တက်လာတဲ့ အဖွဲ့မှာ စစ်အင်အား ၃၀၀ နဲ့ ၅၀၀ ကြားမှာရှိတယ်လို့ သိရပြီး အဲဒီစစ်ကြောင်းထဲမှာ စစ်ကောင်စီတပ်သားတွေထက် ဝါရာဇွပ်ပြည်သူ့စစ်၊ မိုင်းကာင်းပြည်သူ့စစ်နဲ့ ကားမိုင်းပြည်သူ့စစ်တို့ အများအပြား ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကားမိုင်း – နန့်ယားကားလမ်းပိုင်းကို စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်တပ်စလုံးက သွားလာခွင့် ပေးထားပေမယ့် စစ်တပ်နဲ့ ပြည်သူ့စစ်ရှိတဲ့ နေရာတွေမှာ ကားသမားနဲ့ ခရီးသည်ပြည်သူတွေကို ခြိမ်းခြောက် ပြောဆိုပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်အဖွဲ့တွေက ကချင်ဖြစ်တဲ့ ခရီးသွားပြည်သူတွေကို အော်ဟစ်ပြောဆိုပြီး ဖမ်းဆီးရိုက်နက်တာတွေ လုပ်နေတယ်လို့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။
“သူတို့က ရှမ်းနီတွေဖြစ်တယ်လို့ပြောပြီး ကချင်ဖြစ်တဲ့သူတွေကို အလွတ်မပေးဘူး အားလုံးကို ရပ်ခိုင်းပြီးစစ်တယ်။ ပြီးရင် အော်ဟစ်ပြောဆိုပြီး ဆောင့်ကန်ဖို့ လုပ်တဲ့အထိ ရိုင်းစိုင်းဆဲဆိုကြတယ်။ လမ်းတော့ နှစ်ဖက်စလုံးကနေ ဖွင့်ထားပေးတယ်” လို့ ပြောပါတယ်။
နောက်ပြီး စစ်ကြောင်းထဲမှာပါတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ချို့က အရပ်ဝတ်နဲ့ ကုန်တင်ကားတွေမှာ လိုက်ပါစီးနင်းသွားတဲ့ သူတွေလည်းရှိနေတယ်လို့သိရပါတယ်။
ကားမိုင်း – နန့်ယားလမ်းပိုင်းမှာ ဩဂုတ်လ ၁၂ ရက်နေ့ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲစတင်ဖြစ်နေတာဖြစ်ပြီး ဖားကန့် အတက်အဆင်းလုပ်နေတဲ့ ကုန်ကားတွေကလည်း လမ်းပိုင်းမှာ ဖွင့်လိုက်ပိတ်လိုက်နဲ့ ခက်ခက်ခဲခဲ သွားလာနေရတယ်လို့ ကားသမားနဲ့ နီးစပ် သတင်းအရင်းအမြစ်တွေပြောပါတယ်။
အလားတူ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ၃ လဝန်းကျင်အထိ တိုက်ပွဲပြင်းထန်နေတဲ့ မှော်ဆီစာ၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မော်မောလယန်၊ မော်ဝမ်းကြီး၊ မော်ဝမ်းကလေး စတဲ့ ကျေးရွာ အနီးတဝိုက်မှာ ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့အထိ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ရှိနေသေးတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။
“လောလောဆယ် တိုက်ပွဲရှိနေတဲ့ နေရာမှာပဲ ပစ်ခတ်မှုတွေက ဆက်ရှိနေသေးတယ်။ ပိုဆိုးနေတာက စစ်တပ်က ကင်းထောက်ဒရုန်းတွေနဲ့ အရင် လှမ်းထောက်ပြီး လက်နက်ကြီး ပစ်ခတ်နေတာပေါ့လေ။ အဲ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ ပြန်ပစ်တဲ့ အနေအထားပေါ့လေ။ ဗုံးကြဲ ၊ ဒရုန်းပစ်ခတ်တာတွေက ပုံမှန်ဖြစ်နေတာပေါ့လေ”လို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဩဂုတ်လဆန်းပိုင်းအတွင်းကနေ ပြည်သူတွေရှိတဲ့ ကျေးရွာတွေမှာ ဖားကန့် ဗျူဟာကုန်းကနေ နေ့စဉ်အဆက်မပြတ် လက်နက်ကြီး လှမ်းပစ်နေတဲ့အတွက် အရပ်သားသေဆုံးမှု မြင့်တက်လာနေပါတယ်။
ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာလည်း နေ့လည် ၁ နာရီလောက်အချိန် ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးက ရှရော်ခကျေးရွာရှိ ရဝမ်ကုန်းကျေးရွာမှာ ကျမှန်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက် ကလေးငယ် တစ်ဦးနဲ့ အသက် ၅၀ ကျော် အမျိုးသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့ တစ်ရက်ထဲမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ ဘက်ကို ဦးတည်ပြီး ဗျူဟာကုန်းက လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်ဒေသခံတွေ ဆီကနေ သိရပါတယ်။
ဒါ့အပြင် ဩဂုတ်လဆန်းပိုင်း တစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျေးရွာအသီးသီးက ဖားကန့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်က ဖားကန့်ဒေသမှာ လက်လွတ်ခဲ့ရတဲ့ နေရာတွေကို ပြန်ရဖို့ စစ်အင်အားအလုံးအရင်းနဲ့ စစ်မျက်နှာပြင် ၃ နေရာလောက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ယခုဆိုရင် ဖားကန့် တိုက်ပွဲ ၃ လခန့်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ကားမိုင်း – နန့်ယား ဖားကန့်လမ်းကို အသုံးပြုပြီးတော့ နောက်ထပ် စစ်အင်အား ၃၀၀ နဲ့ ၅၀၀ ခန့်ရှိတဲ့ စစ်ကြောင်းက ထပ်တက်လာတဲ့အတွက် ဖားကန့်သွား လမ်းပိုင်းမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။







