မြစ်ကြီးနားမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဓားထိုးလုယက်မှု ခပ်စိပ်စိပ်ဖြစ်လာ

မြစ်ကြီးနားမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဓားထိုးလုယက်မှု ခပ်စိပ်စိပ်ဖြစ်လာ
Photo Credit - KNG
Photo Credit - KNG

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်းအတွင်း အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ဓားထိုးလုယက်မှု ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ်လ ၁၀ ရက် တနင်္ဂနွေနေ့ ညတစ်ညအတွင်းမှာဘဲ ဓားထိုးလုယှက်မှု ၂ ကြိမ်ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ‌ နောက်ထပ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

အခုလို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့အထိ လုယက်မှုတွေကို ခပ်စိပ်စိပ် ပြုလုပ်လာတာကြောင့် သွားရလာရတာ လုံခြုံမှု မရှိလာတော့ဘူးလို့ မြစ်ကြီးနား ဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ဘယ်အချိန် ထိုးသတ်သွားမလဲကြောက်နေရတယ်။ ဆိုင်ကယ်မောင်းရင်တောင်မှ အရပ်ရှစ်မျက်နှာ ခေါင်းကြီးကလှည့် ဘက်မှန်ကိုလည်း ခနနကြည့် အနောက်ကနေဘဲ လာတိုက်ချိုးသွားမလား အဲလိုမျိုးတွေ စိုးရိမ်နေရတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက် ဓါးထိုးခံရတဲ့ဖြစ်စဉ်တွေက ပလနရပ်ကွက်မှာ အသက် ၃၀ အရွယ်လူငယ်အမျိုးသားတစ်ဦး ည ၈ နာရီဝန်းကျင် ဂျိုင်းအောက် ဓားထိုးခံရပြီးသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ည ၇ ခွဲဝန်းကျင်အချိန် ရွှေစက်ရပ်ကွက်မှာ သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို နောက်ကကပ်ပါလာတဲ့ ဆိုင်ကယ်တစ်စီးက ၆ လက်မကျော်ရှည်တဲ့ ဓားတစ်ချောင်းနဲ့ အထိုးခံရပြီး ဖခုံးအောက်နဲ့ နံရိုးနား ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ လတွေမှာ တွေ့ရတဲ့ လုယက်မှုဖြစ်စဥ် ခြုံကြည့်ရင် လုယက်ခံရသူတွေဟာ အသက်သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်တဲ့အထိ သိပ်မရှိခဲ့ပေမယ့် ဒီရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့တဲ့ လုယှက်မှုတွေက ထိခိုက်ဒဏ်ရာ ပြင်းထန်ပြီး သေဆုံးသူတွေလည်းရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့ ဇူလိုင်လ တစ်လအတွင်းမှာဘဲ လူလတ်ပိုင်းအမျိုးသား ၆ ဦးကနေပြီးတော့ ဓား၊ တုတ်၊ သေနတ်ကိုင်ပြီး အုပ်စုဖွဲ့ လုယက်တဲ့ ဖြစ်စဉ် ၄ ကြိမ်ထိ ရှိခဲ့တာဘဲ ဖြစ်ပါတယ်။

အဲဒီအမျိုးသား ၆ ဦးကို လက်ရှိချိန်ထိ ဖမ်းမိအရေးယူနိုင်ခြင်း မရှိသေးသလို ဖြစ်စဉ် ၄ ခုလုံးက တူညီတဲ့ လူတွေဘဲကျူးလွန်ခဲ့သလား ဆိုတာကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

KNG စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်ထိရှိခဲ့ပါတယ်။

ဒီအချက်လက်ဟာ KNG ကစုစည်းထားတဲ့ အချက်တွေသာဖြစ်ပြီး မြေပြင်နဲ့ကွဲလွှဲမှုအများကြီးရှိနိုင်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ကချင်ဒေသမှာ ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြေပြင်အချက်သိရဖို့ ခက်ခဲနေဆဲကြောင့် ဖြစ်ပါတယ်။

Data For Myanmar ရဲ့ ပြုစုထားချက်အရ အာဏာသိမ်းပြီး ၃ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း ဘဏ်တွေ ဝင်ရောက် လုယက်ခဲ့တဲ့ဖြစ်စဉ် ၂၅ ခုနဲ့ ရွှေဆိုင်လုယက်မှုဖြစ်စဉ် ၅၇ ခုရှိခဲ့တယ်လို့ သိရပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...