TNLA ထိန်းချုပ် ကျောက်မဲမြို့ထဲ စစ်ကောင်စီတပ် ဗုံးထပ်ကြဲ

TNLA ထိန်းချုပ် ကျောက်မဲမြို့ထဲ စစ်ကောင်စီတပ် ဗုံးထပ်ကြဲ

သျှမ်းပြည် ကျောက်မဲမြို့ပေါ်ရှိ ဆေးခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၆) ရှိ ဇေယျာဖြိုးဆေးခန်းနှင့် ကုန်စုံဆိုင်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဇေယျာဖြိုးဆေးခန်းရှေ့က မုန့်ဆိုင်ကို ထိသွားတယ်လို့ပြောတယ်၊ ဒေါ်ချော ကိုယ်ပိုင်ကျောင်းရှေ့က အိမ်ကောပဲ။ ဒီတခေါက် ကြဲသွားတာ ပေါင် ၅၀၀ ဖြစ်မယ်ထင်တယ်၊ မြို့ထဲမှာ မီးခိုးလုံးကြီး အလိပ်လိုက် တက်နေတယ်။ ထိခိုက်တာတော့ မသိသေးဘူး”ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ပေါ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားသေဆုံးမှုနှင့် အိုးအိမ်ထိခိုက်ပျက်စီးမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့ ရပ်ကွက် (၂) ရှိ နမ့်စစ်လင်းဘုန်းကြီးကျောင်းတွင် ဦးပဉ္ဇင်းတစ်ပါး ခြုံရှင်းနေစဉ် မြေမြှုပ်မိုင်းနှင့် ထိခိုက်မိပြီး ပေါက်ကွဲရာမှ ညာဘက်ခြေထောက် ပြတ်သွားခြင်းကြောင့် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်တွင်လည်း TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းနေရာဟောင်း ခလရ-(၂၃) ထဲသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ တစ်လထဲတွင် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ မိုင်းလုံ၊ သီပေါနှင့် ကွတ်ခိုင်မြို့များသို့ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် ပြည်သူ(၂၇) ဦး သေဆုံးပြီး (၈၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူနေအိမ် (၁၁၆) အိမ်၊ စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ဇူလိုင်လ (၃၁) ရက်တွင် စစ်ကောင်စီသည် စစ်ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် PDF တပ်များ ထိန်းချုပ်ထားသည့် (၆၃) မြို့နယ်ကို စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာပြီး လေကြောင်းဖြင့် နေ့ညအချိန်မရွေး ဖိအားပေး တိုက်ခိုက်လာကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

 ဓာတ်ပုံ - ဒေသခံ

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...