ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဆောထိ (ရွှေကျင်မြို့နယ်)တွင် အာဏာသိမ်းထားသည့် ၂၀၂၃မှ ယခု ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ အတင်းအကြပ် စစ်မှုထမ်းစုဆောင်းခံရသူ ရာနှင့်ချီပြီးရှိလာကြောင်း မြို့နယ်ကေအဲန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။
စစ်မှုထမ်းရန်ဖမ်းဆီးခံရသူများတွင် ကေအဲန်ယူအုပ်ချုပ်မှုနှင့်လက်လှမ်းမမီသေးသည့် ရွှေကျင်မြို့ပေါ် နေထိုင်သူ အုပ်စုက အများစုဖြစ်ပြီး ကျေးရွာဘက်မှ ညောင်လေးပင်မြို့ပေါ် ဈေးသွားလမ်းမှာ အဖမ်းခံလိုက်ရသူ အနည်းစုလည်း ပါဝင်နေသည်ဟု ကေအဲန်ယူရွှေကျင်မြို့နယ်ပြောခွင့်ရ ပဒိုစောအယ်ဖိုးက ပြောသည်။
၎င်းက “မြို့ပေါ်ပိုင်းက သူတွေကို ဖမ်းတာပိုများတာပေါ့။ ရွာဘက်ကနေ မိသားစုစားဖို့ဈေးသွားဝယ်ရင်း ဖမ်းခံလိုက်ရတာမျိုးလည်းရှိတယ်။ စစ်မှုထမ်းစုဆောင်းခံရတဲ့လူဦးရေက၂၀၂၃ ကနေ အခုထိဆို ပျှမ်းမျှရာကျော်ပြီလို့ ပြောလို့ရတယ်။ ဒီနှစ် ၇ လပိုင်းထဲ ရထားတဲ့စာရင်းဆိုရင်လည်း ၁၇ ယောက်ဖမ်းခံရတယ်။ အတိအကျပဲ ကျနော်တို့မှာမရှိတာ” ဟု ကေအိုင်စီသို့ ပြောသည်။
ဖမ်းဆီးခံရသူအများစုကို စစ်ကောင်စီက ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့် တောင်ငူမြို့နယ်ဘက်သို့ ပို့ဆောင် စစ်သင်တန်းယူစေပြီး သင်တန်းပြီးသည်နှင့်တိုက်ပွဲဖြစ်ပွားသည့်နေရာများ၊ နယ်စပ်ဒေသများသို့ စေလွှတ်နေခြင်းဖြစ်ကြောင်း ပဒိုစောအယ်ဖိုးက ဖြည့်စွက်ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ ကေအဲန်ယူသတ်မှတ်နယ်မြေအတွင်းဖြစ်သော်လည်း ကျောက်ကြီး၊ မုန်း၊ ညောင်လေးပင်၊ ရွှေကျင် စသည့်မြို့ဧရိယာများမှာ စစ်ကောင်စီရှိ၍ ကုန်ဝယ်သွားလာ အားထားရသည့် မြို့ချင်းရွာချင်းဆက်လမ်းများပေါ်တွင်လည်း စစ်တပ်ဂိတ်ချနေရာယူမှုနှင့် လှုပ်ရှားသွားလာမှုရှိနေသည်။
ယခုဇူလိုင်လအတွင်းမှာပင် ထိုသို့ဈေးသွားဈေးလာသည့် ရွှေကျင်မြို့နယ်၊ ဘိုးပိုက်ဆံရွာမှ အမျိုးသား(၁)ဦးအပါ အရပ်သား (၃)ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရပြီး ယနေ့ထိတိုင် ပြန်မလွတ်လာသေးကြောင်း ဇူလိုင်လ(၁၆)ရက်နေ့က ကေအဲန်ယူထုတ်ပြန်ချက်မှ သိရသည်။
ပဒိုစောအယ်ဖိုးက ဆက်လက်၍ “ဖမ်းခံရပေမယ့်လည်း တချို့ငွေရှိတဲ့သူက ပိုက်ဆံနဲ့ပြန်လိုက်နိုင်ရင် ရတယ်။ မလိုက်နိုင်ရင်မရဘူး။ စစ်ကောင်စီက တပ်သားသစ်စုဆောင်းတယ်ဆိုပြီး ပိုက်ဆံနဲ့ ပြန်ရွေးရတဲ့ဖြစ်စဉ်တွေက များတယ်လို့ ပြောချင်တာ။” ဟု ပြောသည်။
ကေအဲန်ယူအနေဖြင့်လည်း စစ်ကောင်စီက စစ်မှုထမ်းတပ်သား အတင်းအကြပ် ကောက်ခံ တာနှင့်ပတ်သက်ပြီး မြို့နယ်အတွင်း လူထုအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသလို၊ စစ်တပ် သွားလာလှုပ်ရှားတတ်သည့် နေရာများမှ ရှောင်ရှားရန်လည်း ပြည်သူသို့ သတိပေးပြောဆိုမှု ပြုလုပ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနောက်ဆက်တွဲ ထုတ်ပြန်ချက်နောက်ပိုင်း စစ်မှုထမ်း တပ်သားစုဆောင်းမှုအပေါ် ရပ်ရွာတာဝန်ရှိသူများ လူဖမ်း၊ လူရောင်း လုပ်ကိုင်ခွင့်ပိုရလာပြီး မြို့နယ်ကျေးရွာများတွင်လည်း ဖိအားပိုပေးခံလာရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
စစ်မှုထမ်းဥပဒေ စတင်ထုတ်ပြန်လာသည့်အချိန်မှ ယခုတစ်နှစ်ကျော်ကာလအတွင်း စစ်သင်တန်းအပတ်စဉ်ပေါင်း (၁၅)ခုအထိ စစ်ကောင်စီက ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။







