တောင်ကြီး ညအချိန် စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေ

တောင်ကြီး ညအချိန် စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ညအချိန်၌ စစ်မှုထမ်းအတွက် စစ်ကောင်စီမှ ပေါ်တာ လိုက်ဆွဲနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၅)ရက်နေ့ ည (၈)နာရီကျော်အချိန်တွင် တောင်ကြီးမြို့၊ မြို့မဈေးမြောက်ဘက်နှင့် ကံသာရပ်ကွက်၊ စိန်ပန်းရပ်ကွက်တွင် အလုပ်မှ ပြန်လာသည့် လူငယ်များကို စစ်ကောင်စီမှ ညပိုင်းတွင် ပေါ်တာလိုက်ဆွဲနေပြီး လူငယ် (၂၀)ကျော် ပါသွားကြောင်း ၎င်းအကြောင်းသိသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်ကြီးမှာတော့ ညပိုင်းကို ရပ်ကွက်က လမ်းတွေကို တားပြီး ဖမ်းတာ။ အလုပ်ကနေပြန်လာတဲ့ လူငယ် ၂၀ ကျော်တယ်တဲ့ ပြေးတဲ့သူက ပြေးနဲ့၊ ဒီလွတ်လာတဲ့သူတွေ ပြန်ပြောပြတာ။ ဖမ်းပြီးရင်တော့ စစ်သင်တန်းပို့မယ်။ ထင်တယ်။” ဟု ၎င်း အမျိုးသားက ပြောသည်။

ထိုသို့ စစ်ကောင်စီ ဖမ်းဆီးရာတွင် မြို့မဈေးမြောက်ဘက်မှ လူငယ် (၂၀)နှင့် စိန်ပန်းနှင့် ကံသာရပ်ကွက်တွင် လူငယ် (၆)ဦး ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် လူသစ်စုဆောင်းမှုကို ပိုမိုလုပ်ဆောင်လာမည် ဖြစ်သောကြောင့် ရပ်ကွက်အတွင်း သွားလာမှု ဂရုစိုက်ကြရန်နှင့် ညအချိန်တွင် လူငယ်များ အပြင်ထွက်လျှင် ပေါ်တာဆွဲခံရနိုင်ကြောင်းလည်း အကြောင်းသိသည့် အမျိုးသားက ပြောသည်။

“အဖမ်းခံရတဲ့သူတွေကို ဘယ်မှာမှ ရွေးထုတ်လို့မရဘူး။ စစ်မှုထမ်းအင်အားနဲ့ သူတို့က ရှေ့ဆက်နိုင်ပြီလေ။ အဲတော့ ဒါကို မဖြစ်မနေ လုပ်တော့မှာ။ ပိုဆွဲနိုင်လေ ရှေ့တန်းများများပို့နိုင်လေပဲ။ ဒါကြောင့် လူငယ်တွေ အသွားအလာ ဂရုစိုက်စေချင်တယ်။” ဟု ၎င်းက ဆိုပြန်သည်။

အလားတူ ရပ်စောက်နှင့် အင်တောကြားတွင် တောင်ကြီးဘက်မှ လူငယ်များ အလုပ်သွားလုပ်သည့် လူငယ်သုံးဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး အောင်ပန်းသို့ ပို့ဆောင်လိုက်ကြောင်း ဖြစ်စဉ်သိရှိသူ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“ဇူလိုင်လ ၁၅ ရက်နေ့တုန်းက ညနေ ၅ နာရီအချိန်ထင်တယ်။ သစ်တင်ကားထဲက လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းသွားတာ။ စစ်မှုထမ်းဖို့ခေါ်တာ နေမှာပေါ့ သူတို့ကအရွယ်ကောင်းတွေပဲဆိုတော့။ အောင်ပန်းကို တိုက်ရိုက် ပို့လိုက်တယ်ကြားတယ်”ဟု အဆိုပါ အသက် ၄၀ ဝန်းကျင် အမျိုးသားက ပြောသည်။

ထို့အပြင် အေးသာယာမြို့ အောင်သပြေ တိုးဂိတ်ဟောင်း အကျော်တွင် ဓာတ်မီးထိုး၍ ကားရပ်ခိုင်းရာမှာ လူငယ်(၃) ဦးကို ပေါ်တာဆွဲသွားပြီး ပေါ်တာဆွဲခံရသည့် လူငယ်များသည် အေးသာယာ အောင်သပြေ အနီးတဝိုက်မှ လူငယ်များဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅,၀၀၀နူန်းဖြင့် ဇူလိုင်လ ၁၃ ရက်အထိ စစ်မှုထမ်း အပတ်စဉ် (၁၅)ကြိမ် ဖွင့်လှစ်ထားခဲ့ပြီး အဆိုပါအခမ်းအနားကို ကျိုင်းတုံမြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နိုင်ငံတဝှမ်း တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေများစွာ သိမ်းပိုက်ခံရပြီး စစ်ရှုံးနေသည့် စစ်ကောင်စီတပ်အတွင်း စစ်အင်အား ချိနဲ့လာမှုကို ဖြည့်တင်းရန် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့သည်။

March 23, 2026
စိုင်းခွမ်မိန်း — လတ်တလော ရင်ဆိုင်နေရသည့် လေယာဉ်ဆီ အခက်အခဲများကြောင့် မြန်မာပြည်တဝှမ်း...
March 21, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ပေါ်တွင် စုံ-မ စနစ်ဖြင့် ယာဉ်များကို စစ်ဆေးနေပြီး လိုင်စင်မဲ့...
March 20, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ...
March 19, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ (၂)...