မိုးကုတ်မြို့ပေါ် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ကလေး(၂) ဦး အပါအဝင် အရပ်သား(၆) ဦး ဒဏ်ရာရ

မိုးကုတ်မြို့ပေါ် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ကလေး(၂) ဦး အပါအဝင် အရပ်သား(၆) ဦး ဒဏ်ရာရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ကလေး(၂) ဦး အပါအဝင် အရပ်သား(၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) ည ၁၀ နာရီခွဲကျော်တွင် မိုးကုတ်မြို့ ပန်းမထိပ်ရွာ ဘုန်းကြီးကျောင်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး၊ ကလေးငယ် (၂) ဦး အပါအဝင် အရပ်သား စုစုပေါင်း (၆) ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၁၀) လုံးခန့် ဗုံးစထိမှန် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“ပန်းမထိပ် အောက်ရွာမှာ အိမ်နားဗုံးကျလို့ အထိအခိုက် များတယ်။ အခုတော့ ဒဏ်ရာရတဲ့ ကလေးတွေကို ဆေးရုံမှာ ကုနေတယ်။ ဒါနဲ့ဆို ဒီလထဲ ဗုံးကြဲခံရတာ သုံးခါရှိပြီ” ဟု မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇူလိုင်လ (၉) ရက် ညအချိန်တွင် မိုးကုတ်မြို့အနီး ပန်းမထိပ်ကျေးရွာသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး သေဆုံးပြီး ကလေး(၂) ဦး အပါအဝင် အရပ်သား (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၈) ရက် နံနက်ပိုင်းကလည်း မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ရှိ “ကြိုးစားသူများ” ကိုယ်ပိုင်အထက်တန်းကျောင်းအနီး စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၃) ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့သို့ ယခု ဇူလိုင်လ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေး(၂) ဦးအပါအဝင် အရပ်သား (၅) ဦး သေဆုံးပြီး (၂၀) ကျော် ထိခိုက်ဒဏ်ရာရကာ နေအိမ်(၃၀) ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

လာမည့် ဩဂုတ်လတွင် TNLA နဲ့ စစ်ကောင်စီတို့အကြား ထပ်မံတွေ့ဆုံမည့် ဆွေးနွေးပွဲမတိုင်မီ စစ်ကောင်စီဘက်မှ ဆွေးနွေးမှုအသာစီးရရန် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်များသို့ နေ့စဉ်နီးပါး လေကြောင်းဖြင့် ဖိအားပေး ဗုံးကြဲတိုက်ခိုက်နေသည်။

August 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ...
August 6, 2026
သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များသည် လက်ရှိမိုးရာသီ ကာလအတွင်း ရာသီ...
August 6, 2026
သျှမ်းပြည်၊ သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းနေသည့် ဒုဋ္ဌဝတီမြစ် (ခေါ်) မြစ်ငယ်မြစ်ရေမှာ...
August 5, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မြောက်ပိုင်းတွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်...