ဘားအံမြို့မှာ လိုင်စင်မဲ့ကားတချို့ကို စစ်ကောင်စီ ငွေကြေးယူပြီး ပြန်လွှတ်ပေးနေ

ဘားအံမြို့မှာ လိုင်စင်မဲ့ကားတချို့ကို စစ်ကောင်စီ ငွေကြေးယူပြီး ပြန်လွှတ်ပေးနေ

ကရင်ပြည်နယ် ဘားအံမြို့မှာ ပြည်နယ်စစ်ကောင်စီအဖွဲ့က လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးရာမှာ ဖမ်းဆီးရမိတဲ့ကားတွေထဲက ကားတချို့ကို ငွေကြေးရယူပြီး ပြန်လွှတ်ပေးတာတွေရှိနေတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကစပြီး ဘားအံမြို့မှာ ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့နဲ့ နေပြည်တော်က လာရောက်တဲ့ စစ်ကောင်စီအဖွဲ့တို့ ပူးပေါင်းပြီး လိုင်စင်မဲ့ကားတွေနဲ့ ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးရာမှာ လိုင်စင်မဲ့ယာဉ်အစီးရေ ရာချီ သိမ်းဆည်းရရှိခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးရာမှာ ပါဝင်တဲ့ နေပြည်တော်ကနေ ရောက် လာခဲ့တဲ့ စစ်ကောင်စီအဖွဲ့ ပြန်သွားပြီးတဲ့နောက်ပိုင်း ပြည်နယ်စစ်ကောင်စီရဲ့ ယာဉ်ဖမ်းဆီးအဖွဲ့ထဲကနေ ယာဉ်ထိန်းရဲနဲ့ ရဲတို့ဦးဆောင်ပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးရာမှာ သိမ်းဆည်းတာတွေရှိသလို သိမ်းဆည်းခြင်းမပြုဘဲ ငွေကြေးရယူပြီး ပြန်လွှတ်ပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ လိုင်စင်မဲ့ကားတွေအပြင် ဒေသခံပြည်သူတွေ စီးနင်းတဲ့ လိုင်စင်မဲ့ကားတွေကို ပြည်နယ်စစ်ကောင်စီ ယာဉ်ဖမ်းဆီးရေးအဖွဲ့ထဲကနေ ယာဉ် ထိန်းရဲနဲ့ ရဲတပ်ဖွဲ့တို့ဟာ အောက်ခြေမှာပင် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ကြပြီး ငွေကျပ် ၇ သိန်းကနေ ၁၀ သိန်းကျော် ပမာဏအထိ တောင်းခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

ဒီလို လိုင်စင်မဲ့ကား ဖမ်းဆီးရမိတဲ့ ပြည်သူတွေဆီကနေ ငွေကြေးတောင်းခံလိုက်ပြီးတဲ့နောက် အဲဒီလိုင်စင်မဲ့ကားတွေကို သိမ်းဆည်းခြင်းမပြုတော့တဲ့အပြင် လိုင်စင်မဲ့ကားဖမ်းဆီးရမိတဲ့စာရင်းတွေကိုပါ အထက်ဌာနအဖွဲ့အစည်းထံ မတင်ပြတော့ဘဲ အောက်ခြေကနေသာ ညှိနှိုင်းနေကြတယ်လို့ အဲ့ဒီသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ယာဉ်ဖမ်းဆီးရေးအဖွဲ့ရဲ့ ပြုမှုလုပ်ဆောင်ချက်တွေဟာ လုပ် စားတဲ့သဘော၊ ပြည်သူထံကနေ ငွေညစ်တဲ့သဘော ဖြစ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက ဆိုပါတယ်။

ပြည်နယ်စစ်ကောင်စီအဖွဲ့က ဘားအံမြို့နယ်ထဲမှာ လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးခဲ့တဲ့အတွက် ဒေသခံပြည်သူတွေမှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သွားလာရေး စတဲ့ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရပြီး သွားလာရေးအတွက် အခုလက်ရှိအချိန်အထိ သုံးဘီးယာဉ်များကိုသာ အဓိကထား အသုံးပြု စီးနင်းနေရတာဖြစ်ပါတယ်။

ဘားအံမြို့နယ်အတွင်းမှာ ပြည်နယ်စစ်ကောင်စီအဖွဲ့က လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးမှုတွေ လုပ် ဆောင်ခဲ့ပေမယ့် လက်နက်ကိုင်အဖွဲ့အစည်း စီးနင်းလာတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုတော့ ဖမ်းဆီးမရဲတဲ့အပြင် အလေးပါပြုနေရတယ်လို့ ကရင်ပြည်နယ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

June 2, 2026
သထုံခရိုင်အတွင်းက မြို့နယ်အခြေစိုက်တပ်တွေမှာ အာဏာသိမ်းစစ်တပ်ဘက်က စစ်ရေးပြင်ဆင်မှု ပိုလုပ်လာပြီး...
ဓာတ်ပုံ-CJ
June 1, 2026
ဘီးလင်းမြို့နယ်အတွင်းက ပြည်သူစစ်အဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်တပ်ဘက်က  ရှေ့တန်းပို့လို့...
May 30, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ...
May 29, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ စစ်မှုထမ်းအတွက် ဥပဒေမဲ့ ပေါ်တာဆွဲ...