မီးမပေးနိုင်လို့ အလုပ်ရုံစက်ရုံတွေမှာ ဆိုလာသုံးဖို့ စစ်ခေါင်းဆောင်ပြောပြန်

မီးမပေးနိုင်လို့ အလုပ်ရုံစက်ရုံတွေမှာ ဆိုလာသုံးဖို့ စစ်ခေါင်းဆောင်ပြောပြန်
ဓာတ်ပုံ - MOI
ဓာတ်ပုံ - MOI

နိုင်ငံအတွင်းမှာ လျှပ်စစ်မီး ပုံမှန်မပေးနိုင်သေးတာကြောင့် နေရောင်ခြည် စွမ်းအင်သုံးဆိုလာတွေကို ကိုယ်ပိုင်တစ်ပိုင်တစ်နိုင်ကနေ အလုပ်ရုံနဲ့စက်ရုံတွေ လည်ပတ်နိုင်တဲ့အထိ အသုံးပြုကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှု အခြေအနေကို သွားရောက်ကြည့်ရှုစဉ် သူ့လက်အောက်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စက်ရုံ၊ အလုပ်ရုံက တာဝန်ရှိသူတွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က နိုင်ငံအနေနဲ့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြည်ပမှ လောင်စာဆီတွေကို တင်သွင်းနေရတာကြောင့် နိုင်ငံတွင်းရှိ ပြည့်ဖြိုးမြဲ စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပြီး တည်ဆောက်ချိန် တိုတောင်းတဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တဲ့ ဆိုလာကို အသုံးပြုဖို့ ညွှန်ကြားလာတာပါ။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ စစ်ခေါင်းဆောင်က လျှပ်စစ်မီးရရှိဖို့အတွက် ဆိုလာအသုံးပြုခိုင်းပေမယ့် ဆိုလာတပ်ဆင်မှုဟာ အရင်းစိုက်ထုတ်ရတာ များတာကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်တာတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ဆိုလာကတော့ ကောင်းတယ်ဆိုပေမယ့်လည်း ကိုယ်အရင်း စိုက်ထုတ်ရတာကတော့ တော်တော်များတယ်။ ဆိုလာက ရင်းနှီးမြှုပ်နှံမှု ထုတ်ရတာလေ။ ဒီကိုယ်ရဲ့ လုပ်ငန်းသုံးဖို့ လုံလောက်ဖို့ကတော့ အများကြီးထုတ်ရတာကို အဲ့တာကျတော့ လုပ်ငန်းရှင်တွေက တအားဝန်ပိတာပေါ့‌နော်။ ရင်းနှီးမတည်ငွေက များသွားလို့ရှိရင် စီးပွားရေးအရ တွက်ခြေမကိုက်တာတို့ ဘာတို့ ဖြစ်လာတာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်ရုံစက်ရုံတွေမှာ ဆိုလာတပ်ဆင် အသုံးပြုပါက ရင်းနှီးမြှုပ်နှံမှုများတဲ့အပြင် အရင်းကြေကာလကလည်း ကြာနိုင်တာကြောင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်သလို ရင်နှီးမြှုပ်နှံထားနိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေလောက်သာ အဆင်ပြေမှုရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ခေါင်းဆောင်ကတော့ မိမိတို့ နိုင်ငံအနေနဲ့ ပျမ်းမျှအားဖြင့် တစ်နှစ်မှာ ရက်ပေါင်း ၃၀၀ ကျော် အလင်းနဲ့ နေရောင်ခြည် ရရှိတာကြောင့် စက်ရုံ၊ အလုပ်ရုံတွေမှာ ဆိုလာအသုံးပြုပြီး ကုန်ထုတ်လုပ်ပါက ထုတ်လုပ်မှု စရိတ်များစွာလျှော့ချနိုင်တဲ့အတွက် အကျိုးအမြတ်ပိုမိုရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာတွေကို ငွေကြေးတတ််နိုင်တဲ့ လုပ်ငန်းရှင်တွေကို ရင်းနှီးမြှုပ်နှံရေး အားပေးဆောင်ရွက်ဖို့၊ လုပ်ငန်းဆောင်ရွက်သူတွေကိုမက်လုံးပေးဖို့နဲ့ ဝန်ကြီးဌာနတွေပါ အိမ်သုံးနဲ့ စက်ရုံသုံးအထိ ဆိုလာကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စက်ရုံနဲ့ လုပ်ငန်းအများစုဟာ လျှပ်စစ်မီး ပုံမှန်ရရှိမှုမရှိတာကြောင့် မီးစက်ကြီးတွေကိုသာ အဓိကအားထားကာ အသုံးပြုနေရတာဖြစ်ပြီး ဆိုလာစနစ်ဟာဆိုရင်လည်း ကုန်ကျစရိတ်ကြီးမြင့်တဲ့အတွက် စက်ရုံနဲ့ လုပ်ငန်းအနည်းစုလောက်သာ အသုံးပြုနိုင်တာရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...