တောတောင်ထဲ အခက်အခဲတွေကြောင့် ဝါရာဇွပ်ပြည်သူအချို့ နေရပ်ပြန်

တောတောင်ထဲ အခက်အခဲတွေကြောင့် ဝါရာဇွပ်ပြည်သူအချို့ နေရပ်ပြန်

တောတောင်တွေထဲ ကာလရှည် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာက ဒေသခံပြည်သူတွေဟာ မိုးရာသီအချိန် တော၊ တောင်တွေထဲ ဆက်လက်နေထိုင်ဖို့ အခက်အခဲဖြစ်လာတာကြောင့် ပြည်သူ့အချို့ကတော့ မေလ ၁၈ ရက်နေ့ကနေစပြီး နေရပ်ပြန်လာနေကြပြီလို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတာ နှစ်လနီးပါး ကြာမြင့်လာတဲ့နောက်ပိုင်း စစ်ရေးအခြေအနေ တည်ငြိမ်နေတဲ့ကာလအတွင်း အိမ်ခြေ (၃၀) လောက်ဟာ နေရပ်ပြန်လည်နေထိုင်နေပြီဖြစ်ပေမဲ့ လုံခြုံရေးအတွက် စိုးရိမ်နေရသေးတာကြောင့် သက်ဆိုင်ရာတွေကို လုံခြုံရေးနဲ့ပတ်သက်ပြီး ကူညီပေးဖို့ တောင်းဆိုလိုတယ်လို့ ဝါရာဇွပ်ဒေသခံနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"မိုးရာသီလည်းရောက်လာပြီဆိုတော့ မပြန်လာလို့ကလည်းမရ။ တော၊ တောင်တွေအထဲမှာ အရမ်းဒုက္ခရောက်တယ်။ တော၊ တောင်တွေထဲ ရောက်နေတဲ့ အချို့ကလည်း ပြန်ဖို့ ကြောက်သေးတဲ့သူတွေလည်း ရှိတယ်။ အခုအချိန်က လက်နက်သံတွေလည်း မကြားရဘူး။ ငြိမ်နေသေးတော့ အကုန်လုံးက ပြန်လာချင်နေကြပြီပေါ့။ တစ်ချို့ မြို့ဘက် ထွက်ပြေးတဲ့သူတွေကလည်း လမ်းခရီးအခက်အခဲတွေကြောင့် ပြန်လာဖို့ ခက်တာတွေရှိတယ်" လို့ ဆိုပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် မတ်လဆန်းပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဝါရာဇွပ်ဒေသခံပြည်သူတွေဟာ ကာလကြာလာတာနဲ့အမျှ စားရေးသောက်ရေးအတွက် စိုးရိမ်လာရတဲ့အပြင် သောက်သုံးရေကိုလည်း တတ်နိုင်တဲ့နည်းနဲ့ သုံးစွဲနေရတဲ့ အခြေအနေတွေပါ။

လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ ဝါရာဇွပ်ရွာက ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲ နေရာခွဲပြီး နေရတဲ့အပြင် မိုးတွင်းလအတွင်း တောတောင်တွေထဲနေပြီး ကျော်ဖြတ်ဖို့ မလွယ်ကူတဲ့အတွက် ဒေသခံပြည်သူအချို့ဟာ အရဲစွန့်ပြီး နေရပ်ပြန်လာနေကြတာလို့ ထပ်မံသိရှိရပါတယ်။

တစ်ဖက်မှာလည်း ဒေသခံပြည်သူတွေ တစ်နိုင်တစ်ပိုင်မွေးမြူထားတဲ့ ကျွဲ၊ နွားတွေ အမည်မသိ ရောဂါတစ်မျိုး ကူးစက်ပြန့်ပွားနေပြီး သေဆုံးမှု များလာတာကြောင့် နေရပ်ပြန်ပြီး ဆေးကုသပေးလိုသူတွေပါ ရှိနေပြန်တယ်လို့ သိရပါတယ်။

ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုတွေကအစ ရေရှည်အခက်ကြုံလာနိုင်တာကြောင့် သက်ဆိုင်ရာတွေကနေ အလေးပေးစဉ်းစားပေးဖို့ လိုလားနေကြတယ်လို့ ပြောပါတယ်။

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ဝါရာဇွပ်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ကနေ ဂျက်ဖိုက်တာတစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၂၇ နှစ်အရွယ် ကိုလဗျဘရန်မိုင်ဆိုသူ ထိမှန်သေဆုံးခဲ့ရပြီး နေအိမ်တစ်လုံး မီးလောင်သွားတဲ့အပြင် နေအိမ်နှစ်လုံးကတော့ ထိခိုက်ပျက်စီးသွားတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

အဲဒီလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိလာတာကြောင့် ဒေသခံပြည်သူအများစုဟာ စိုးရိမ်ပြီး မတ်လဆန်းလောက်ကနေ ထွက်ပြေးတိမ်းရှောင်တာတွေ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...