ရန်ကုန်-ပြည်ကားလမ်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး ခရီးသွားကားထိမှန်ကာ ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်-ပြည်ကားလမ်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး ခရီးသွားကားထိမှန်ကာ ပြည်သူ ၃ ဦး သေဆုံး

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ခရီးသွားကားတစ်စီး လက်နက်ကြီးထိမှန်ကာ ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်ကွင်းတာဆုံဂိတ်စခန်း တိုက်ခိုက်ခံရပြီး ဇွန် ၁၆ ရက်နေ့ နံနက်ပိုင်းကတည်းက ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ညနေ ၄ နာရီခန့်တွင် ရန်ကုန်-ပြည်လမ်းပေါ်၌ ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူများသည် ပေါင်းတည်မြို့ မင်္ဂလာဆောင်မှ ရန်ကုန်မြို့သို့ ပြန်လာသူများဖြစ်ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “ခရီးသွားကား အပစ်ခံရတာ တိုက်ပွဲဖြစ်နေတော့ ဘယ်သူပစ်လည်း စုံစမ်းလို့မရသေးဘူး။ စစ်တပ်ကပစ်တာလို့တော့ တော်တော်များများက ပြောကြတယ်။ ဒီနေ့လည်း ရန်ကုန်-ပြည်လမ်းပေါ်မှာ ပစ်ခတ်တာတွေ ရှိနေပါသေးတယ်” ဟု သာယာဝတီမြို့ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်မြို့ဘက်ရှိ မင်္ဂလာဆောင်မှပြန်လာသည့် ပြည်သူ ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတချို့မှ ပြောဆိုကြသည်။

ထို့အပြင် မင်းလှမြို့နယ် ထောက်ကြန့်အုပ်စု၊ ဆင်အိုင်ချောင်းပေါက်ရွာအနီး၌လည်း စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ တိုက်ပွဲဖြစ်ရာနေရာသို့ စစ်တပ်အထိုင်ချထားသည့် တာကလေးရွာဘုန်းကြီးကျောင်းမှ လက်နက်ကြီးပစ်ကူပေးနေကြောင်းလည်း သိရသည်။

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-ပြည်လမ်းအပါအဝင် မင်းလှမြို့နယ် နေရာတချို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အရာရှိတချို့အပါအဝင် စစ်သားသေဆုံးမှုရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း ဗိုလ်မှူးဇော်မျိုးဝင်းနှင့် နောက်ထပ်အရာရှိတစ်ဦး သေဆုံးသွားကြောင်းလည်း ဒေသတွင်းသတင်းတချို့တွင် ဖော်ပြထားကြသည်။

လက်ရှိတွင်လည်း တိုက်ပွဲမှာ လက်ရှိအချိန်ထိ ဖြစ်ပွားနေပြီး ရန်ကုန်-ပြည်လမ်းဖြတ်သန်းခွင့် ယာယီပိတ်ထားသဖြင့် ခရီးသွားကားများနှင့် ကုန်ကားတချို့ပိတ်မိနေကြောင်း သိရသည်။

ကုန်ကားမောင်းသူဒရိုင်ဘာတစ်ဦးက “ပြည်သူ ၃ ယောက်သေတာဟုတ်တယ်။ ကားလမ်းတွေ အခု ပိတ်ထားတယ်။ စစ်တပ်ဖက်ကလည်း နည်းနည်း အကျအဆုံးရှိတယ်လို့ပြောတယ်။ ကားတွေဖြတ်တဲ့အချိန်မှာ စစ်တပ်ဘက်က ပစ်မှာ အဲ့ဒါကြောင့် မဖြတ်ရဲတော့ဘူး ကားတွေပိတ်မိနေတယ်” ဟု ပြောသည်။

မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည်လမ်းနှင့် ပဲခူးရိုးမအကြား လမ်းပိုင်းနေရာ ၂ ခုတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကာ စစ်ကောင်စီမှ စစ်ကူစစ်ကြောင်းများပါ ရောက်ရှိလာကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...