သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေမှုကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံ ထောင်နှင့်ချီသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် (ဇွန်လ ၂ ရက်) မှစ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံအရှေ့ခြမ်း ကျေးရွာများအထိ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့် ယမန်နေ့ (ဇွန်လ ၉ ရက်) အထိ တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။
အဆိုပါ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံ ၈ ထောင်ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း Phekhon Shan Youth Network တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စစ်ဘေးရှောင်တွေက ပြေးစရာမြေကို မရှိတော့ဘူး။ စစ်ပွဲတွေကလည်း ပတ်ပတ်လည် ဖြစ်နေတာ၊ တချို့တွေကလည်း တောထဲကို ပြေးကြတယ်။ ဒီချိန်မှာ ဘယ်ရွာမှ ဘေးမကင်းတော့ဘူး။ အမျိုးသမီး၊ သက်ကြီးပိုင်းနဲ့ ကလေးတွေတော့ ထွက်ပြေးရတာ။ တချို့ အမျိုးသားတွေက ရွာစောင့်ကျန်ခဲ့တာရှိတယ်” ၎င်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဖယ်ခုံအရှေ့ခြမ်း တောင်ပို့ကွဲကျေးရွာ ၊ ရေပူကျေးရွာ ၊ ဘုရားတောင်ကျေးရွာ ၊ စန့်စွဲကျေးရွာ ၊ စန့်လိတ်ကျေးရွာ ၊ လွယ်ပေါကျေးရွာ ၊ ဆောင်နန်းခဲကျေးရွာ ၊ နမ့်ပေါ်လုံကျေးရွာ ၊ မခေခမ်းကျေးရွာ ၊ လဟယ်ကျေးရွာ ၊ ညောင်မွန်းကျေးရွာ ၊ တောင်ပို့ကြီးကျေးရွာ ၊ ကုန်းပေါကျေးရွာ စသည့် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်းသိရသည်။
တိုက်ပွဲကြောင့် ရုတ်တရက် ထွက်ပြေးရသဖြင့် စစ်ဘေးရှောင်များသည် လမ်းတကြော အခက်အခဲများ ကြုံတွေ့ရသည့်အပြင် အဝတ်အစားနှင့် စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆက်ပြောသည်။
“ကျနော်တို့လည်း ပြေးနေတာ တစ်ရွာလုံးပြေးနေတာ။ အခုက လမ်းတွေ အကုန်ပိတ်နေတာ ဘယ်မှကို ပြေးလို့မရသလောက်ပဲ။ တချို့တွေကလည်း တောလမ်းကနေ ပြေးနေကြတာ။ တောလမ်းဆို လမ်းတွေလည်းခက်တယ်။ ရေရှည်အတွက်ဆို စိုးရိမ်ရတယ် ခက်လည်းခက်ခဲမှာ၊ အကူအညီတွေလည်း အကုန်လိုအပ်နေပါတယ်” ဟု ၎င်းစစ်ဘေးရှောင် အမျိုးသားက ပြောသည်။
ထိုစစ်ဘေးရှောင်များသည် ဆီဆိုင်မြို့နယ် အနီးတဝိုက် ၊ ဖယ်ခုံမြို့နယ်အနောက်ခြမ်းနှင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်များတွင် နေထိုင်သူများသည် နေရာထိုင်ခင်း အခက်အခဲများကြောင့် အကူအညီလိုအပ်နေကြောင်း သိရသည်။
သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ပြည်သူလူထုအနေဖြင့် မိုးဗြဲမြို့တွင်းနှင့် လမ်းမကြီးကို အသုံးပြုသွားလာခြင်း မပြုလုပ်ရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် Mobye PDF ကလည်း ထုတ်ပြန်ထားသည်။







