လူ ၂၂ ဦး သေဆုံးသည့် ဒီပဲယင်းစာသင်ကျောင်း ဗုံးကြဲသည့်ကိစ္စ မီဒီယာများက လုပ်ကြံရေးသားခြင်းဟု စစ်ကောင်စီပြော

လူ ၂၂ ဦး သေဆုံးသည့် ဒီပဲယင်းစာသင်ကျောင်း ဗုံးကြဲသည့်ကိစ္စ မီဒီယာများက လုပ်ကြံရေးသားခြင်းဟု စစ်ကောင်စီပြော

ဓာတ်ပုံ- စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက အိုးထိန်းတွင်းကျေးရွာကို စစ်ကောင်စီက ယမန်နေ့ (မေလ ၁၂ ရက်) နံနက် ၉ နာရီ ၄၀ မိနစ်အချိန် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ညနေပိုင်းထိ ရရှိထားသည့် အချက်အလက်များအရ ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးသွားကြောင်း NUG က ပြောသည်။

ထိခိုက်ဒဏ်ရာရသူ ၅၀ ထက်မနည်းရှိကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်တွင်းရှိ အိုးထိန်းတွင်း (မြောက်) ကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂၀ ဦးအပါအဝင် ၂၂ ဦး သေဆုံးခဲ့ရသော်လည်း စစ်ကောင်စီက ယင်းမှာ မီဒီယာများက လုပ်ကြံရေးသားကြခြင်းဖြစ်ကြောင်း ယမန်နေ့ (မေလ ၁၂ ရက်) ညတွင် ထုတ်ပြန်သည်။

“ဒီပဲယင်းမှ စာသင်ကျောင်းကို တပ်မတော်မှ ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေခံ လုံခြုံရေး တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိ” ဟု စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများ၏ ည ၈ နာရီသတင်းတွင် ထည့်သွင်းကြေညာသွားခဲ့သည်။

စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို ဗုံးကြဲတိုက်ခိုက်မှု မလုပ်ကြောင်းပြောကာ “နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ ပညာရေး မြင့်မားစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်မှာ ပြည်သူများအသိပင်ဖြစ်” ဟုလည်း ပါရှိသည်။

သို့သော် ဒေသခံများက မဇ္ဈိမသို့ပေးပို့သည့် စာရွက်စာတမ်းများနှင့် ဓါတ်ပုံများအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ အနောက်တောင်ဘက် ၇ မိုင်ခန့်ရှိ အိုးထိန်းတွင်းကျေးရွာ၏ စာသင်ကျောင်းအပေါ် ယမန်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် စစ်လေယာဉ်မှ ဗုံးကြဲချမှုကြောင့် အသက် ၈ နှစ်အရွယ် Grade-1 မှသည် အသက် ၁၇ နှစ်အရွယ် Grade-11 အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးသွားခဲ့ကာ ၅၀ ခန့် ဒဏ်ရာရသွားခဲ့သည်။

သေဆုံးသူများမှာ မိန်းကလေး ၁၅ ဦးနှင့် ယောက်ျားလေး ၅ ဦးဖြစ်ကြောင်း အမည်နာမများနှင့်တကွ ပေးပို့သော အထောက်အထားများအရ သိရသည်။

ဓါတ်ပုံများတွင် အမိုးပွင့်နေသော စာသင်ကျောင်းပုံများနှင့်အတူ သေဆုံးနေသော အဖြူ၊ အစိမ်းဝတ်ကလေး ၁၀ ဦးထက်မနည်း တွေ့ရပြီး ဦးခေါင်းနှင့် ကိုယ်လက်အင်္ဂါများ ပြတ်တောက်နေသော ရုပ်အလောင်းများလည်း ပါဝင်သည်။

ဒဏ်ရာရသူများကို ဘုတလင်မြို့နယ်အတွင်းက ဆေးရုံများသို့ ခွဲ၍ ပို့ဆောင်ထားရကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ပြောသည်။

ကြဲချခဲ့သည့် ဗုံးအမျိုးအစားကိုတော့ ဗုံးစများကိုကြည့်၍ ခန့်မှန်းပြောကြားရာတွင် ပေါင် ၃၀၀ ဗုံးဟု ဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်သတင်းတွင်တော့ ပေါင် ၅၀၀ ဗုံးဟုဆိုသည်။

အဆိုပါစာသင်ကျောင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလ ပညာသင်ကြားရေးကျောင်းဖြစ်ကာ ကျောင်းသူ၊ ကျောင်းသားဦးရေ ၂၈၉ ဦးရှိသည်ဟု ဒီပဲယင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မဇ္ဈိမသို့ပြောသည်။

တထပ်စာသင်ခန်းတွင် ပင်မဆောင်နှင့် တိုးချဲ့ထားသော စာသင်ခန်းများပါဝင်ပြီး စုစုပေါင်း စာသင်ခန်း ၁၂ ခန်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

လတ်တလောတွင် ဒီပဲယင်းနယ်အတွင်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးခြင်းမရှိသလို တိုက်ပွဲများလည်းမရှိဟု ဒေသခံများကိုကိုးကား၍ မြန်မာနောင်းက ရေးသားထားသည်။

ဧရာ၀တီသတင်းဌာနကထုတ်ပြန်သော ရုပ်သံသတင်းတွင် ခေါင်မိုးများပွင့်ထွက်နေပြီး သွပ်များ၊ သစ်ချောင်းများ ကျိုးကြေပြန့်ကျဲနေသော အဖြူ၊ အစိမ်းဆေးသုတ်ထားသော ကျောင်းအဆောက်အဦထဲတွင် သွေးများစွန်းထင်းနေသော နေရာများကိုလည်း တွေ့ရသလို ပိုင်ရှင်မဲ့သွားပြီဖြစ်သော လွယ်အိတ်လေးများကိုလည်း တွေ့ရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့် အခြေအနေပေါ် မူတည်ကာ စာသင်ကြားနေကြရခြင်းဖြစ်၍ ပုံမှန်စာသင်နှစ်ကဲ့သို့မဟုတ်ကြောင်း ဒီပဲယင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တဦးက ပြောသည်။

ယခု လေကြောင်းတိုက်ခိုက်ခံရမှုသည် ဒီပဲယင်းမြို့နယ်အတွင်း ဒုတိယအကြိမ်မြောက် လူသေဆုံးမှုအများဆုံး တိုက်ခိုက်ခံရမှုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးအထိ သေဆုံးခဲ့ရသည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...