ဂွတွင် နေရပ်ပြန် စစ်ဘေးရှောင်အများအပြား စားဝတ်နေရေးကျပ်တည်း၍ စပါးနှံများကို ထောင်းစားနေရ

ဂွတွင် နေရပ်ပြန် စစ်ဘေးရှောင်အများအပြား စားဝတ်နေရေးကျပ်တည်း၍ စပါးနှံများကို ထောင်းစားနေရ

ဂွမြို့နယ်ရှိ စစ်ဘေးရှောင်အချို့ကို လူမှုကူညီအဖွဲ့တစ်ခုက ဆန်များထောက်ပံ့နေစဉ်။ (Photo - စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ဂွမြို့နယ်)

ရခိုင်ပြည်၊ ဂွမြို့နယ်တွင် နေရပ်ပြန်စစ်ဘေးရှောင်အများအပြားသည် စားဝတ်နေရေးကျပ်တည်း၍ စပါးနှံများကို ထောင်းစားနေရကြောင်း သတင်းရရှိသည်။

ဂွမြို့နယ်တွင် စစ်ဘေးရှောင်အများအပြားသည် စစ်ရှောင်စဉ်က စိုက်ပျိုးထားခဲ့သည့် စပါးများကို မရိတ်သိမ်းခဲ့ရ၍ ယခု နေရပ်ပြန်ရောက်လာချိန်တွင် စားဝတ်နေရေးကျပ်တည်းလာသဖြင့် အမှည့်လွန်၊ ကျိုးကျနေသည့် စပါးနှံများကို ထောင်းကာ စားသောက်နေကြရသည်ဟု ဂွမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"စစ်ရှောင်တုန်းက စပါးတွေလည်း မရိတ်သိမ်းခဲ့ရဘဲ အသက်လုထွက်ပြေးခဲ့ကြရတယ်လေ။ အခု ကိုယ့်ရပ်ကိုယ်ရွာပြန်ရောက်လာတော့ လုပ်စားစရာလည်း မရှိ။ စပါးတွေကလည်း အသီးတွေကြွေကျနေပြီ။ အဲဒါကို ထောင်းစားနေရတဲ့အနေအထားမှာရှိပါတယ်။ စားဝတ်နေရေး တော်တော်ကျပ်တည်းတယ်" ဟု ပြောသည်။

ဂွမြို့နယ်မှ ကျေးရွာပေါင်း ၁ဝ ကျော်အပါအဝင် လယ်ယာလုပ်စားသည့် ကျေးရွာများမှ ဒေသခံများအများအပြားသည် စားဝတ်နေရေးကျပ်တည်းသဖြင့် ယခုကဲ့သို့ အမှည့်လွန်ကျိုးကျနေသည့် စပါးများကို ထောင်းစားနေရကြောင်း ဒေသခံများက ပြောသည်။

နေရပ်ပြန်ဝင်လာပြီးနောက် စားဝတ်နေရေးကျပ်တည်းနေသည့်ကျေးရွာများစာရင်းကို နိရဉ္စရာက ရရှိထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုစိုးရိမ်၍ အဆိုပါကျေးရွာအမည်များအား ယခုသတင်းထဲတွင် ချန်လှပ်ထားခဲ့ရသည်။

blob ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက်မှစတင်ကာ အာရက္ခတပ်တော် (AA) က ဂွမြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ဂွမြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ဂွမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲကာလအတွင်း ဒေသခံများမှာ နီးစပ်ရာ ကျေးရွာများအပြင် ပြည်မ ဧရာဝတီဖက်သို့ စစ်ရှောင်ခဲ့ကြရကြောင်း သိရသည်။

ဂွမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက်ပြီးနောက်မှစတင်ကာ မြို့နယ်တွင်းရှိ ဒေသခံများသည် မိမိတို့၏နေရပ်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ဂွမြို့ပေါ်တွင် AA က မိုင်းရှင်းလင်းရေးမပြီးသေးသဖြင့် မြို့ပေါ်သို့ ဝင်ခွင့်မပြုသေးဟုလည်း AA နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဂွမှာ စစ်ကောင်စီက တပ်ဆုပ်ပြေးရင်း လမ်းတွေ၊ ကမ်းစပ်တွေ၊ တောင်ချိုင်တွေမှာ မိုင်းတွေအများကြီးထောင်ထားခဲ့တယ်။ ကျိန္တလီကနေ ဂွတစ်ရောက် ထောင်ထားတာ။ AA က မိုင်းရှင်းလင်းရေးတွေ လုပ်နေတယ်။ မြို့ပေါ်မှာ လုံခြုံစိတ်မချရသေးတဲ့အခြေအနေမို့လို့ မြို့ကိုဝင်ခွင့်မပေး သေးဘူး။ ပေးတဲ့အချိန်ကျရင် မြို့ခံတွေကို တန်းတူဝင်ခွင့်ပေးဖို့စီစဉ်ထားပါတယ်" ဟု ပြောသည်။

ဂွမြို့နယ်မှ လယ်ယာလုပ်စားသည့်ဒေသခံများမှာ စစ်ဘေးရှောင်စဉ် စပါးများရိတ်သိမ်းနိုင်ခြင်းမရှိခဲ့သည့်အတွက် ယခုနှစ် စပါးစိုက်ပျိုးရာသီတွင် စပါးစိုက်ပျိုးနိုင်သူ နည်းသွားနိုင်သည်ဟုလည်း ဂွဒေသခံလယ်သမားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"စပါးတွေက မရိတ်သိမ်းခဲ့ရတော့ ဝမ်းစာမဖူလုံဘူး။ ကုန်သည်တွေမှာဆို စပါးကျီတွေနဲ့ရှိတယ်လေ။ ကျနော်တို့လို တစ်နှစ်စာတစ်နှစ်လုပ်စားနေရတဲ့သူဆို စပါးမရှိဘူး။ စပါးစိုက်ဖို့ လူဒီနှစ်တော့ နည်းမယ်ထင်တယ်။ အများကြီးစိုက်နိုင်ကြမှာမဟုတ်ဘူး" ဟု ပြောသည်။

ဂွမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂွမြို့နယ်ရှိ ကျေးရွာများတွင် စပါးခင်းအများအပြားလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...