စားဝတ်နေရေးကြောင့် သံတွဲစစ်ဘေးရှောင်များ ရခိုင်မြောက်ပိုင်းသို့ ပြောင်းရွှေ့လာကြ

စားဝတ်နေရေးကြောင့် သံတွဲစစ်ဘေးရှောင်များ ရခိုင်မြောက်ပိုင်းသို့ ပြောင်းရွှေ့လာကြ
ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းအား ၂၀၂၅ ဧပြီလအတွင်းက တွေ့ရစဥ်။
ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းအား ၂၀၂၅ ဧပြီလအတွင်းက တွေ့ရစဥ်။

အလုပ်အကိုင်ရှားပါးခြင်း၊ စားဝတ်နေရေးကျပ်တည်းမှု စသည့် အထွေထွေအခက်အခဲတို့ကြောင့် သံတွဲမြို့နယ်က စစ်ဘေးရှောင်များမှာ ရခိုင်မြောက်ပိုင်းဒေသ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် စသည့်နေရာတို့ကို နေရာပြောင်းရွှေ့သူများ ရှိလာနေသည်။

လက်ရှိ သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို မခံနိုင်သည့်အတွက် နီးစပ်ရာ ဆွေမျိုးများရှိသည့် ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်များကို ပြောင်းရွှေ့မှုများ ရှိနေခြင်းဖြစ်ပြီး လူဦးရေ ရာနှင့်ချီရှိကြောင်း သိရသည်။

“စားဝတ်နေရေးကျပ်တည်းလို့ ဒီကို အသစ်ပြောင်းလာတဲ့ သံတွဲက လူတွေ ရှိတယ်။ ဒီစခန်းမှာ ဆင်ခေါင်းက စစ်ဘေးရှောင်တွေများတယ်။ အသစ်ရောက်လာတဲ့ သူတွေဆို သူတို့မှာ စားစရာသုံးစရာ ဘာမှမပါလာတော့ အိမ်တွေ ဝိုင်းလုပ်ပေး ဆန်တွေကောက်ပေးကြ ဒီလိုဘဲ ဝိုင်းကူပေးကြရတယ်” ဟု ရသေ့တောင်မြို့နယ် စေတီပြင် စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသည့် ဆင်ခေါင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်ကို ၂၀၂၄ စက်တင်ဘာလတွင် အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း စစ်ကောင်စီ၏ နေဗီများ ပင်လယ်ပြင်ထဲတွင် ရှိနေသေး၍ ဒေသခံများ အဓိကလုပ်ငန်းဖြစ်သည့် ငါးဖမ်းလုပ်ငန်းများ ပြန်လည်မလည်ပတ်နိုင်သေးပေ။

အခြားအလုပ်အကိုင်များလည်း ရှားပါးသဖြင့် စားဝတ်နေရေး တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာကြောင်း ပြောဆိုကြသည်။

ထို့အတူ စစ်ဘေးရှောင်အရေး ကူညီပေးနေသည် ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများမှာလည်း အလှူရှင်နည်းပါးသောကြောင့် ထင်သလောက် အထောက်ပံ့မရနိုင်ဘဲ စစ်ဘေးရှောင်များမှာ ဆန်ရိက္ခာပြတ်လပ်မှုတို့ မကြာခဏ ကြုံရကြောင်းသိရသည်။

“သံတွဲဘက်မှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေဘူး။ ထမင်း နှစ်ထပ်ငတ်ခဲ့တယ်။ အဲဒီတော့ ဒီဘက်ကို ပြောင်းလာကြတာ။ လောလောဆယ်တော့ ဈေးဆိုင်ရောင်းပြီး ဝင်ငွေရှာတယ်။ အဆင်တော့မပြေဘူး။ ဒါပေမဲ့ သံတွဲဘက်မှာလောက် မဆိုးဘူး” ဟု ကျောက်တော်မြို့နယ်မှ ကျေးရွာတစ်ရွာတွင် ခိုလှုံနေသည့် ငပလီမြိုခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒေသခံအချို့မှာ သံတွဲ မြို့ထဲသို့ ဝင်နေထိုင်ကြပြီဖြစ်သော်လည်း ငပလီမြို့ခံများမှာ နေရပ်မပြန်နိုင်သေးကြပေ။

သံတွဲ့မြို့နယ်က စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်အထိ နေရပ်ပြန်ရန် ခက်ခဲလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...