ငလျင်ဒဏ်ခံရသော အင်းလေးဒေသ ပြည်သူများကို PNO ပြည်သူ့စစ်များက ထမင်းထုပ်ပို့ခိုင်း

ငလျင်ဒဏ်ခံရသော အင်းလေးဒေသ ပြည်သူများကို PNO ပြည်သူ့စစ်များက ထမင်းထုပ်ပို့ခိုင်း

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ခက်ခဲနေချိန် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ဒေသခံများကို ထမင်းထုပ် ပို့ခိုင်းနေကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် အင်းလေးဒေသတွင် ပြည်သူများ အခက်အခဲ ကြုံတွေ့နေစဉ် အခြားတစ်ဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည့်သူ့စစ် PNO တို့က စံကားတကြောရှိ လင်လံတောင်အုပ်စု၊ ထီရီ၊ နန်းဗွန်၊ ရန်ကင်း၊ ဟန်သာ၊ လွယ်ရန်း စသည့် ကျေးရွာများမှ ဒေသခံများကို ၎င်းတို့ထံ နေ့စဉ် ထမင်းထုပ်ပို့ပေးခိုင်းကြောင်း သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အင်လေးဒေသ တောင်ဘက်ခြမ်းပေါ့၊ ထိတွေ့မှုတွေ ရှိသလို ဒေသခံတွေကိုလည်း နေ့တိုင်း ထမင်းထုပ် ပို့ပေးခိုင်းနေတာပါ။ တချို့ရွာတွေက မနှစ်ကတည်းက ပို့နေကြရတာ။ အခုက ရွာပိုများလာတယ် ပြောရမယ်။ စစ်ကောင်စီနဲ့ PNA ရှိနေရင် ရှိနေသလို ပို့ပေးရတယ်။ ထိုးစစ်ဆင် အင်အားဖြည့်လာရင် လူထုတွေက ထမင်းထုပ် ပိုပို့ပေးရတယ်” ဟု ၎င်းဒေသခံ အမျိုးသားက‌ ပြောသည်။

ထိုကျေးရွာများသည် အင်းလေးဒေသ မြောက်ဘက်ကဲ့သို့ ငလျင်ဒဏ်ကို ပြင်းထန်စွာ မကြုံတွေ့ရသော်လည်း ငလျင်ဒဏ်ကြောင့် အနည်းအကျဉ်း ထိခိုက်ခဲ့သည့်အတွက် လက်ရှိ ပြည်သူများ စားဝတ်နေ‌ရေး ဖူလုံရန်အတွက် ရုန်းကန်နေကြရသည်။

ထို့ပြင်‌ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့သည် လုံခြုံရေး ဆိုသည့် အကြောင်းပြချက်ဖြင့် အခွန်ကောက်ခံခြင်းမှာ ဒေသခံများကို အနိုင်ကျင့်ရာရောက်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီလိုအခြေအနေမှာ ထမင်းထုတ်ပို့ခိုင်း၊ ဆပ်ကြေးကောက်လိုက် လုပ်ပြီး လူထုကို ကာကွယ်နေတယ်၊ လုံခြုံရေး ပေးနေပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လူထုတွေကို အနိုင့်ကျင်နေတာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းမှာမှ လူထုက စစ်သားအတွက် ဒီလိုလုပ်ပေးရမယ် မရှိဘူး။ ဒါက သာမန် လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ဘူး။ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်ဆောင်နေတာဖြစ်တယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ ၎င်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ညောင်ရွှေမြို့နယ် အင်လေး‌တောင်ဘက်ရှိ ရေပူကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်မှ နေ့စဉ်နီးပါး ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မြေပြင် ထိတွေ့တိုက်ပွဲများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်းလေးဒေသရှိ ကျေးရွာများတွင် ငလျင်ဒဏ်ကြောင့် လူနေအိမ် (၂,၅၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ထိုအထဲမှ အိမ်ခြေ (၁,၃၀၀) ကျော်မှာ လူနေထိုင်၍မရအောင် လုံးဝ ပျက်စီးသွားခဲ့သည်။

မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူ (၄,၂၁၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၆,၅၈၈) ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...