ယာယီထိုးစစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်တပ် ဝိုင်းမော်မှာ လက်နက်ကြီးပစ်ခတ်နေ

ယာယီထိုးစစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်တပ် ဝိုင်းမော်မှာ လက်နက်ကြီးပစ်ခတ်နေ

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ရက်ပေါင်း ၂၀ ယာယီအပစ်ခတ်ရပ်ကြောင်း ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတဝိုက်ကို ဒရုန်းပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဧပြီလ ၃ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ကနေ စစ်ကောင်စီတပ်တွေဟာ လမြန်ကျေးရွာတဝိုက်ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရှိတဲ့ နေရာဘက်ကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ လမြန်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“၈ နာရီ ၁၅ မိနစ်လောက်ကနေ ပြန်ပစ်နေတယ်။ မိုင်းနားဘက်ကနေ တက်လာရင် လမြန်ကွန်ကရစ်တံတားကနေ KIA တပ်တွေရှိတဲ့ ဘက်ကို တစ်မနက်လုံးပစ်နေတာ” လို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ရက်ပိုင်းအတွင်း အပြန်အလှန် တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ်တွေဟာ ဝိုင်းမော် ခလရ ၅၈ တပ်ရင်း၊ ဝူယန်ပြည်သူ့စစ်စခန်းနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေ လက်နက်ကြီး ပုံမှန်ပစ်ခတ်နေတာဖြစ်ပါတယ်။

လမြန်ကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေ ဒရုန်းပစ်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး ဝါးရှောင်ဆရာတော်ကလည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

“မရပ်ပါဘူးကွာ၊ အခုပစ်နေကြတာ တအုံးအုံး တဒုန်းဒုန်း ၁၅ မိနစ်လောက်ရှိပြီ” လို့ ရေးသားဖော်ပြနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ လာပစ်တဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ အရင်နေ့တွေထက် ပိုမိုဆိုးရွားပြီးတော့ ဘုန်းကြီးကျောင်းတောင် တုန်ခါမှုဖြစ်တဲ့အထိ ပစ်ခတ်နေတယ်လို့ ဝါရှောင်ဆရာတော်က KNG ကို ပြောပါတယ်။

ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာလည်း KIA ပူးပေါင်းတပ်တွေရှိနေတဲ့ လမြန်ကျေးရွာတဝိုက်ပတ်လည်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်တပ်တိုက်ပွဲမရှိပေမယ့် လမြန်ရွာအထက်ပိုင်း နေရာအားလုံကို KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတာကြောင့် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဧပြီလ ၂ ရက်နေ့မှာ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ရန်အတွက် ဧပြီလ (၂) ရက်ကနေ (၂၂) ရက်နေ့အထိ ယာယီအပစ်ခတ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့တဲ့‌နောက် KIO ဘက်ကလည်း ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် ရည်ညွှန်းပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နှစ်ဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေ့ရှိချက်အရ စစ်တပ်ဘက်ကလည်း လက်မခံနိုင်တဲ့ စစ်ရေးချိုးဖောက်မှုများဖြစ်လာပါက တန်ပြန်တိုက်ခိုက်မည်ဖြစ်ကြောင့်နဲ့ KIA ရဲ့ ထုတ်ပြန်ချက်မှာလည်း ‘တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက် အပိုဒ် (၄) ပါ အကြောင်းအရာတွေကို တိုင်းရင်သားတော်လှန်ရေးအဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့များသာမက မြန်မာ့တပ်မတော်ဘက်ကလည်း လိုက်နာရန် လိုအပ်ပေသည်’ လို့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

June 6, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်တဲ့...
June 5, 2026
Zaw Zaw — ရွှေကူမြို့နယ် စီသာရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့...
June 4, 2026
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရလက်အောက်မှာ စစ်တပ်ကို တော်လှန်နေတဲ့အဖွဲ့ အားလုံးပါဝင်တဲ့...
June 3, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း အုပ်စုလိုက် စည်းကမ်းမဲ့ဆိုင်ကယ်မောင်းနှင်မှုတွေကြောင့်...