ဟိုပုံးတွင် စစ်တပ်ပိုင်မြေဟုဆိုကာ အိမ်ခြေ ၁၀၀ ကျော်ကို စစ်တပ်မှ ဖယ်ရှားခိုင်း

ဟိုပုံးတွင် စစ်တပ်ပိုင်မြေဟုဆိုကာ အိမ်ခြေ ၁၀၀ ကျော်ကို စစ်တပ်မှ ဖယ်ရှားခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာဘက်တွင် စစ်ကောင်စီမှ ၎င်းတို့ပိုင်သည့်မြေဟုဆိုကာ ဒေသခံ အိမ်ခြေ ၁၀၀ ကျော်ကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်မြေနှင့် ထိစပ်နေ့သည့် မြေဧက (၅၆၀) ကျော်ပေါ်ရှိ နေအိမ်များကို ဖယ်ရှားပေးရန်နှင့် ထိုမြေ၌ အုတ်တံတိုင်းဆောက်၊ ခြံခတ် အကွက်ရိုက်ထားသည့် မြေများကိုလည်း စစ်ကောင်စီတပ်မှ သိးဆည်းမည်ဖြစ်ကြောင်းအပါဝင် စာထုတ်ပြန်ပြီး (၁၅) ရက်အတွင်း မြေပေါ်မှ ထွက်ခွာရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လ (၂၅) ရက်တွင် မြို့နယ်ထွေအုပ်များမှ ဒေသခံများကို အသိပေးထားသည်။

အဆိုပါ မြေများသည် နောင်တောင်း ဘုန်းကြီးကျောင်းမြေနှင့် အနီးတဝိုက်တွင် ရှိပြီး ဒေသခံများက ယုံကြည်စိတ်စွာ ဝယ်ယူထားကြခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောင်တောင်းဆရာတော်က ပြောတယ်။ အဲနားက မြေတွေကို ရောင်းရင်ရောင်းထားတော့တဲ့။ အခုမြေသိမ်းတာ ဆရာတော်ရဲ့ကျောင်းတောင် မသေချာဘူး။ ဆရာတော်ကိုပဲ အားကိုးမနေကြနဲ့ လို့ပြောတယ်။ ဟိုးအရင် မြေဝယ်တဲ့သူတွေကလည်း အဲနားမှာ နောင်တောင်းကျောင်းလည်းရှိတာပဲ ဆိုတဲ့ ယုံကြည်စိတ်နဲ့ ဝယ်ထားကြတာများတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်တပ်မှ ယခုသိမ်းမည့် မြေတွင် အိမ်ခြေ (၁၀၀ )ကျော်ရှိပြီး ၎င်းပြည်သူတွေသည် ဆယ်စုနှစ်တစ်ခုအထိ ထိုမြေပေါ်တွင် နေထိုင်စားသောက် လုပ်ကိုင်လာခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

နောင်တောင်းကျေးရွာသို့ ဟိုပုံးမြို့မှ (၅)မိနစ်မှ (၁၀)မိနစ်ခန့်သာ ကွာဝေးပြီး အဆိုပါ စစ်တပ်ပိုင်မြေများမှာ လမ်းမကြီးဘေး တစ်လျှောက်မှစ၍ မိုင်းပျဉ်းမြို့ ဘက်သို့ သွားသည့်လမ်းတစ်လျှောက်အထိ သိမ်းယူမည်ဟု သိရသည်။

ဆက်လက်ပြီး မြေများကို ဝယ်ယူမည်ဆိုပါက မြေအမျိုးစားနှင့် သက်သေခိုင်လုံမှု ရှိမရှိ စုံစမ်းပြီးမှ ဝယ်ယူသင့်ကြောင်း မြေရောင်းဝယ် လုပ်ကိုင်နေသူတစ်ဦးက အကြံပြုပြောကြားထားသည်။

“အရင်ဆုံး ကိုယ်ဝယ်မဲ့ မြေအမျိုးစားကို အရင်ကြည့် ပြီးရင် အထောက်ထား ခိုင်မခိုင် ကြည့်ရမယ်။ တခြားလူနဲ့ အရှုပ်ရှင်း ကင်းမကင်းစသဖြင့် ကြည့်ရမယ်။ အဓိကတော့ မြေဂရမ်ပေါက် ထားတဲ့ ဟာကို ဝယ်ရင် ပိုစိတ်ချရတာပေါ့။ ဖြစ်နိုင်ရင်တော့ လက်ထဲ ပိုက်ဆံမထားချင်လို့ တွေ့တဲ့ မြေကောက်မဝယ်စေချင်ဘူး။ သေချာစုံစမ်းစေချင်တယ်” ဟု အဆိုပါ မြေပွဲစားတစ်ဦးက ပြောသည်။

ထို့အပြင် မိမိ ဝယ်ယူထားသည့် မြေများကို မကြာမကြာသွားရောက် ကြည့်ရှု့သင့်ပြီး ပိုင်ရှင်ရှိသည့် အမှတ်အသားများကို ထားသင့်ကြောင်းနှင့် ထိုကဲ့သို့ မလုပ်ပါက ပိုင်ရှင်မရှိသည့်မြေဟုဆိုကာ သက်ဆိုင်ရာ အာဏာပိုင်များက စာရွက်စာတမ်းအတုနှင့် ပြန်လည်ရောင်းချနိုင်သောကြောင်း ပြုလုပ်သင့်သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် မတ်လ (၂၁) ရက်နေ့တွင်လည်း တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်အနီးနှင့် ညိုမီးကျေးရွာဘက် မြို့ရှောင်လမ်းဘက်ရှိ အကွက်ရိုက်မြေများကို စစ်တပ်မှ လာရောက်ဖျက်ဆီးသွားခဲ့ပြီး အဆောက်ဦးရှိသည့် မြေများကို ဒဏ်ကြေးဆောင်ခိုင်းခဲ့သည်ဟု သိရသည်။

ယခုလက်ရှိ သျှမ်းတောင်ဘက်တွင် စစ်တပ်မှမြေသိမ်းမှုများ မကြာခဏ ပြုလုပ်လာကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...