ရေနစ်မြုပ်မှုကြောင့် အင်းလေးကယ်ဆယ်ရေး အခက်ကြုံ၊ ပြင်ပအကူအညီ မရ

ရေနစ်မြုပ်မှုကြောင့် အင်းလေးကယ်ဆယ်ရေး အခက်ကြုံ၊ ပြင်ပအကူအညီ မရ

ငလျင် ဒဏ်ခံခဲ့ရသော အင်းလေးဒေသရှိ ကျေးရွာအများစု ရေအောက်နစ်မြုပ်ခဲ့သောကြောင့် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများစွာ ဖြစ်ပေါ်နေကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သည့် အိုင်ဗီနွေဦး (Ivy Nway Oo) က ပြောသည်။

“ကယ်ဆယ်ရေးလုပ်ငန်းမှာ အလောင်းတွေ ဆယ်ထုတ်တာတို့၊ အိမ်ပြိုတဲ့ဟာတွေ ဆယ်တာတို့ စတဲ့ ကိစ္စမျိုးတွေမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ပုံမှန် မြေပေါ်မှာဆိုရင် ဆွဲထုတ်တာတို့၊ တိုက်ပြိုတွေ ဖယ်ရှားတာတို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ရေအောက်ထဲကနေ အသက်ရှင်လျက် ပြန်တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့လေ။ အဲဒီအလောင်းတွေ ပျောက်နေတာတွေကို ရှာဖွေနေတာတွေကိုတော့ ကြိုးစားပြီး လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

အင်းလေးဒေသတွင် ငလျင်ကြောင့် သေဆုံးသူဦးရေ ၉၀ အထိ ရှာဖွေတွေ့ရှိထားပြီး အများစုမှာ မိသားစုလိုက် ရေအောက်တွင် နစ်မြုပ်ပျောက်ဆုံးခဲ့ကြကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသူများထံမှ သိရသည်။

ပြိုကျပျက်စီးသွားသော နေအိမ်များကို ဆယ်ယူခြင်းနှင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း စက်ယန္တရားကြီးများ အသုံးပြု၍မရသောကြောင့် လှေများကိုသာ အသုံးပြုလုပ်ဆောင်နေရကြောင်း အိုင်ဗီနွေဦး (Ivy Nway Oo) က ဆက်ပြောသည်။

“အသက်ကယ်ဝတ်စုံတို့ လိုအပ်ပါတယ်။ ရေကူးတတ်တဲ့သူတွေက ကယ်ဆယ်နိုင်ဖို့ဆိုတဲ့ဟာမျိုးတွေ လိုအပ်ပါတယ်။ ဒီနေရာမှာကျတော့ ကယ်ဆယ်ရေးလုပ်ငန်း ကူညီနေသူတွေအနေနဲ့ လူအင်အား အဟန့်အတားတွေ ဖြစ်နေပါတယ်။ အဲဒီအပေါ်မှာတော့ အခက်အခဲတွေ ရှိနေပါသေးတယ်။ ဆက်ပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နေရဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသူများက ပြောသည်။

ထို့အပြင် နေအိမ်အလုံးရေ ၂,၈၈၃ လုံး ပျက်စီးသွားသောကြောင့် ငလျင်ဒဏ်ခံခဲ့ရသည့် အင်းလေးဒေသခံ ပြည်သူများသည် လှေပေါ်နှင့် မပျက်စီးသေးသော ဘုန်းတော်ကြီးကျောင်းများ၊ မြေပြင်ကျယ်ရှိသော နေရာများတွင် ယာယီတဲများထိုး၍ နေထိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ငလျင်ဒဏ်ခံခဲ့ရသော အင်းလေးဒေသခံများအတွက် စားနပ်ရိက္ခာ၊ ရေသန့်၊ အဝတ်အထည်၊ အမိုးအကာ၊အမျိုးသမီးလစဉ်သုံးနှင့်ဆေးဝါးများအပြင် ဆိုလာမီးသီးများ အရေးပေါ်လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသူများက ပြောသည်။

အင်းလေးဒေသရှိ ငလျင်ဒဏ်ခံစားနေရသောပြည်သူများအတွက် အထောက်အပံ့အကူအညီများအား လိုအပ်သူများထံ ထိရောက်စွာ ပေးပို့ဖြန့်ဝေနိုင်ရေးအတွက်  ကုန်းကြောင်းဖြင့် တနေရာတည်းတွင် စုံပုံထားခဲ့ခြင်းများ မပြုလုပ်ပဲ စက်လှေဖြင့် မိမိကိုယ်တိုင် သွားရောက်ပြီး တိုက်ရိုက်စုံစမ်းကူညီ ခြင်းဖြစ်စေ၊ အင်းလေးဒေသခံစေတနာ့ဝန်ထမ်းများ ကော်မတီများနှင့်ချိတ်ဆက်၍ဖြစ်စေ ဆောင်ရွက်ပေးနိုင်ရန် ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ ထုတ်ပြန်ထားသည်။

ထိခိုက်သေဆုံးမှု အများအပြား ရှိနေသော အင်းလေးဒေသသည် လက်ရှိအချိန်ထိ ကြီးမားသည့် အကူအညီ မရရှိသေးသောကြောင့် ဒေသခံပရဟိတအဖွဲ့များနှင့် လူငယ်များက ကယ်ဆယ်ရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရကြောင်း စေတနာ့ဝန်ထမ်းများက ပြောသည်။

လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကမ္ဘောဇဘဏ်မှ ကူညီထောက်ပံ့မှုများ ရှိသော်လည်း ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်မှု မရှိသေးဟု ဆိုသည်။

အင်းလေးဒေသသည် ခရီးသွားလုပ်ငန်းကို အဓိကအားထားသော ဒေသဖြစ်သောကြောင့် ငလျင်ကြောင့် ခရီးသွားလုပ်ငန်း ရပ်တန့်သွားနိုင်သည့် အခြေအနေကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။ ထို့အပြင် ဒေသခံများ၏ အဓိက စားဝတ်နေရေးဖြစ်သော ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

ငလျင်ဘေးကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှ လာရောက်ကူညီဆောင်ရွက်ပေးနေပြီး မတ်လ ၃၁ ရက်နေ့ညအထိ နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၂၇၁၉ ဦး ရှိလာပြီး ဒဏ်ရာရသူ ၄၅၂၁ ဦး နှင့် ပျောက်ဆုံးသူ ၄၄၁ ဦး ရှိနေကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။

June 6, 2026
စစ်ကိုင်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးအတွင်း...
ဓာတ်ပုံ-Crd(ပုံဟောင်း)
June 5, 2026
စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည်ဟု...
June 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်တပ်က...
June 3, 2026
မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက...