အမျိုးသမီးလေးဦးအပါအဝင် နေရပ်ပြန် ရခိုင်စစ်ရှောင် ၁၂ ဦး မကွေးတွင် ဖမ်းဆီးခံရ

အမျိုးသမီးလေးဦးအပါအဝင် နေရပ်ပြန် ရခိုင်စစ်ရှောင် ၁၂ ဦး မကွေးတွင် ဖမ်းဆီးခံရ

အမျိုးသမီးလေးဦးအပါအဝင် နေရပ်ပြန် ရခိုင်စစ်ဘေးရှောင် ၁၂ ဦးသည် မကွေးတိုင်းထဲတွင် ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ ရခိုင်ပြည်၊ အမ်းဒေသခံအမျိုးသမီးလေးဦးနှင့် အမျိုးသား ရှစ်ဦးတို့ဖြစ်ပြီး ကျေးရွာနှင့်အမည်များကို နိရဉ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် မကွေးတိုင်း၊ မင်းတုန်းမြို့နယ် သဖန်းရောင်ရွာအနီးလမ်း၌ ပဒါန်းဆုံကုန်းတပ်မှ စစ်ကြောင်းထိုးနေသည့်အင်အား ၂၀၀ ပါ စစ်ကြောင်းက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ငဖဲဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မင်းဘူးဖက်တို့ကနေ စစ်ရှောင်ပြီး ရခိုင်ကိုပြန်တာ။ သူတို့မှာ စားစရာကုန်ပစ္စည်းတွေပါလာတယ်။ သဖန်ရောင်ရွာအကျော်အနားမှာ အဖမ်းခံလိုက်ရတယ်။ စစ်ကြောင်းကနေ ဖမ်းသွားတာ" ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ၁၁/ မျဉ်းစောင်း ကိုင်ဆောင်သည်က တစ်ကြောင်း၊ ကုန်ပစ္စည်များ အာရက္ခတပ်တော် (AA) ထံ ရောက်မည်ကို စိုးသည်ကတစ်ကြောင်း စသည်ဖြင့် အကြောင်းပြချက်ပြကာ ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

"မတ်လ လလယ်လောက်ကလည်း အများကြီးပဲဖမ်းထားတာ။ သူတို့ဖက်ကပြောလိုက်ရင် ၁၁/။ ပြီးတော့ AA နဲ့ဆက်စပ်တဲ့သံသယ။ နောက်တခုက ရခိုင်တွေနေရပ်ပြန်ရင် သူတို့ရဲ့သတင်းတွေ AA နဲ့ တော်လှန် ရေးတပ်ဖွဲ့တွေဆီ ရောက်သွားမှာကိုကြောက်လို့" ဟု ပြောသည်။

မကွေးတိုင်းဒေသကြီးတွင် ဖမ်းဆီးခံရသူများမှာ ပဒါန်းမြို့ မရဲစခန်းနှင့် ပဒါန်းဆုံကုန်းအမြောက်တပ်တို့တွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

မကွေးတွင် ရခိုင်စစ်ရှောင်များကို နေရပ်ပြန်ခွင့်မပေးသည့်အပြင် ပြန်သည့်သူများကိုလည်း စစ်တပ်ဂိတ်၊ လမ်းဆုံ၊ လမ်းခွနှင့် ကျေးရွာများကိုဝင်ရောက်ကာ စစ်ကောင်စီတပ်က အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးနေကြောင်း သိရသည်။

မတ်လအတွင်းက ငဖဲမြို့၊ ဆူးပ‌တောင်း၊ လက်ပန်တံခါးနှင့် ပဒါန်းလမ်းဆုံတို့တွင်ဖမ်းဆီးခံခဲ့ရသည့် ရခိုင်ဒေသခံနှင့် ချင်းဒေသခံများသည်လည်း လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်း ဒေသခံများက ပြောသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...