ရေးချောင်းဖျားဒေသအတွင်းသို့ ကုန်စည်ဖြတ်သန်းခွင့် တင်းကြပ်ထားဆဲ

ရေးချောင်းဖျားဒေသအတွင်းသို့ ကုန်စည်ဖြတ်သန်းခွင့် တင်းကြပ်ထားဆဲ

မွန်ပြည်နယ် ရေးမြို့နယ်၊ မြို့ပေါ်မှတစ်ဆင့် ရေးချောင်းဖျားဒေသဘက်သို့ ဆန်၊ စားနပ်ရိက္ခာနှင့် ကုန်စည်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကောင်စီတို့က ကန့်သတ်ထားဆဲဖြစ်ကြောင်း ရေးချောင်းဖျားဒေသခံတို့မှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ ဒုတိယအပတ်မှစပြီး ယနေ့အထိ  ရေးချောင်းဖျားဒေသမှ မြို့ပေါ်သို့ အဓိကဖြတ်သန်းသွားလာနေသည့် တံတားဖြူစစ်ဆေးရေးဂိတ်အပြင် အဆိုပါနေရာအနီးရှိ  ကျောင်းရွာ- ရေးချောင်းဖျားလမ်းပိုင်းကိုလည်း စစ်ဆေးရေးဂိတ် တိုးမြှင့်ထားပြီး ကုန်စည်ပစ္စည်းတို့ကို အကန့်အသန့်ဖြင့်သာ သယ်ယူခွင့်ပေးထားကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းတို့သည် ရေးချောင်းဖျားဒေသခံတို့ ရေးမြို့ပေါ်ကို အဓိက ဆက်သွယ်သွားလာနေသည့် လမ်းပိုင်းဖြစ်သဖြင့် ဒေသခံတို့ကုန်ဈေးနှုန်းကြီးမြင့်နေသည့်ဒဏ်နှင့် ရင်ဆိုင်နေရကြောင်း မြန်မာပြည်တောင်ပိုင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်သူတစ်ဦးက ဆိုသည်။

“အဲဒီလမ်းပိုင်းနှစ်ပိုင်းကနေ စစ်ဆေးကန့်သတ်မှုလုပ်နေတာ ဒီကနေ့အထိပဲ၊ အခုဆိုရင် ကြာလာပြီးလေ ဒေသခံတွေ ကတော့ကုန်ဈေးနှုန်းကြီးမြင့်တာတွေ တော်တော်ခံနေရတယ် ဆန်ဆိုရင်လည်း ၆ ပြည်လောက်ပဲပေးသယ်တယ်လေ၊ မိသားစုတစ်စုစာပေါ့” ဟု ပြောသည်။

ကျုံလောင်းတိုက်ပွဲ မစတင်မှီ ပြီးခဲ့သည့်ဇန်နဝါလဆန်းပိုင်းက အလယ်လတ်တန်းဆန်အမျိုးအစား တစ်အိတ် ၉ သောင်းကျပ်မှ ယခုတွင် ၂ သိန်းနီးပါးအထိ ဈေးနှုန်းမြင့်တက်နေပြီး ကြက်ဥတစ်လုံး ၈ ရာကျပ်အထိ ဝယ်ယူစားသောက်နေရကြောင်း ဆက်ပြောသည်။

ကုန်စည်စီးဆင်းခွင့်အပြင် ဖြတ်သန်းသွားလာနေသည့် ဒေသခံလူငယ်တို့ကို ခရီးသွားထောက်ခံစာနှင့် မှတ်ပုံတင်စစ်ဆေးတင်းကြပ်ထားမှုကြောင့် ရေးမြို့သို့ အသွားအလာနည်းနေကြောင်းလည်း ဝယ်ပိုင်ဒေသခံတစ်ဦးက ဆိုသည်။

“စကစက လူငယ်တွေကို ပိုမျက်စိကျတယ်၊ ပိုစစ်တယ်၊ သူအလိုမကျရင် သူတိုဖမ်းယူသွားတယ် အဲလိုတွေ တွေ့ရတယ်။ အဲကြောင့် ဒီကလူငယ်တွေ အပြင်သိပ်မထွက်ရဲဘူး၊ ကိစ္စရှိရင် လူကြီးတွေပဲသွားတယ်” ဟု ထိုသူက ဆက်ပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့တို့ ဒေသတွင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တို့နှင့် ကျုံလောင်းရွာဟောင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးအပြင် လေကြောင်းဖြင့်ခြောက်လှန့်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ယနေ့အထိလည်း စစ်ကောင်စီတို့ ရေးချောင်းဖျားလမ်းပိုင်းရှိ  ဘုန်းကြီးကျောင်းနှင့် အနီးအနားတွင် တပ်စွဲနေထိုင်နေဆဲဖြစ်ပြီး၊ စစ်ဘေးရှောင်တချို့ နေရပ်သို့မပြန်နိုင်ဘဲ ဥယျာဉ်ခြံတို့တွင် ထွက်ပြေးခိုလှုံနေဆဲဖြစ်သည်။

January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...
Photo: Bobo Win Emr
January 14, 2026
နေပြည်တော်တွင် စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု...