နွားထိုးကြီး မလယ်ရွာထန်းတောကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု မိသားစုဝင် ၃ ဦး သေဆုံး

နွားထိုးကြီး မလယ်ရွာထန်းတောကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု မိသားစုဝင် ၃ ဦး သေဆုံး

နွားထိုးကြီးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ မတ်လ ၂၅ ရက် လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံ ၃ ဦး သေဆုံးခဲ့သည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မလယ်ကျေးရွာထန်းတောကို ယမန်နေ့ (မတ်လ ၂၅ ရက်) မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ရာ ဒေသခံမိသားစုဝင် ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၃ ဦးသည် ထန်းတက်လုပ်ငန်းလုပ်နေသော မိသားစုဖြစ်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တင်တဦးက မဇ္ဈိမကိုပြောသည်။

၎င်းက “ပထမ ပေါင် ၅၀၀ ကြဲတာ။ နောက်တခေါက်က အတွဲလိုက်တွေကြဲတာ။ ထန်းတက်နေတဲ့ ထန်းတောထဲက မိသားစုသုံးယောက် သေသွားတာ။ အခုချိန် တောထဲ ထန်းတက်ချိန်ဆိုတော့ တဲတွေထိုးပြီးနေကြတာ” ဟု ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ မြင်းခြံခရိုင်ရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တို့ကို တံတားဦး၊ ရှမ်းတဲလေတပ်များဘက်မှလာသည့် ဂျက်ဖိုက်တာ၊ Y-12 ထောက်ပို့လေယာဉ်များဖြင့် တိုက်ခိုက်မှု ပိုမိုပြုလုပ်နေကြောင်း ကာကွယ်ရေးလည်းတပ်ဖွဲ့က အချို့ကပြောသည်။

ယမန်နေ့ညနေကလည်း နွားထိုးကြီးမြို့နယ်၊ ရွှေမောတောကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် မတ်လ ၂၃ ရက်က လက်ဝဲ-မြင်းနီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့နယ်များရှိ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ရေးတင်းမာလာခဲ့ခြင်းဖြစ်သည်။

MDSO စစ်ဆင်ရေး စတင်ချိန်က မြို့ပေါ်မှ စစ်ကောင်စီစခန်းအချို့ ဆုတ်ခွာထွက်ပြေးခဲ့ရပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်စီးသွားခဲ့သည်။

ဩဂုတ်လနှောင်းပိုင်းတွင် လေကြောင်းပစ်ကူယူ၍ စစ်ကောင်စီက တိုက်ခိုက်ပြီး မြို့ပေါ်ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။

ထို့နောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသလို လေကြောင်းတိုက်ခိုက်မှုများလည်း ပိုမိုဆိုးရွားလာသည်ဟု ဒေသခံများက ပြောသည်။

မြင်းခြံ-တောင်သာ လမ်းပိုင်းတွင် စစ်ရေးဖော်ဆောင်မှုနှင့် စစ်ရေးတင်းမာမှုများ ရှိနေသောကြောင့် သွားလာခြင်းမပြုကြရန် မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ယမန်နေ့က ထုတ်ပြန်ထားသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...