ဟုမ္မလင်းမြို့နယ် သဲနုတ်ဆွတ်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့လို့ ကျေးရွာ ၄ ရွာ ထွက်ပြေးတိမ်းရှောင်နေရ

ဟုမ္မလင်းမြို့နယ် သဲနုတ်ဆွတ်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့လို့ ကျေးရွာ ၄ ရွာ ထွက်ပြေးတိမ်းရှောင်နေရ
ပင်လည်ဘူး တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်ကောင်စီ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
ပင်လည်ဘူး တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်ကောင်စီ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သဲနုတ်ဆွတ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာပေါင်း ၄ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှာင်နေရတယ်လို့ သိရပါတယ်။

ဟုမ္မလင်း PDF တွေ စိုးမိုးထားတဲ့ သဲနုတ်ဆွတ်ကျေးရွာကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လေယာဥ်တွေ နေ့စဉ် ကင်းထောက်ပျံဝဲနေတာကြောင့် သဲနုတ်ဆွတ်ကျေးရွာနဲ့ အနီးဝန်းကျင်က ကျေးရွာ ၃ ရွာဟာ ဟုမ္မလင်းမြို့ပေါ်ကို တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီနေ့အထိလည်း လေယာဥ်တွေ သွားနေတုန်း အဲ့ဘက်ကို။ အဲ့ဘက်က လွတ်မြောက်နယ်မြေဆိုတော့ ဒီတိုင်း တိုက်ပွဲမဖြစ်ပဲ သွားကျဲတာ။ အခု ရေပေါ်မီး၊ သဲနုတ်ဆွတ်ဘက်ကလူတွေကို မြို့ပေါ်ကို ဝါးထောင်တွေနဲ့ စုန်လာတာ အုံလိုက်ကျင်းလိုက်ပဲ” လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ ဟုမ္မလင်းမြို့နဲ့ မိုင်ပေါင်း ၂၀ နီးပါး ကွာဝေးတဲ့ သဲနုတ်ဆွတ်ကျေးရွာကို ပြီးခဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်လေယာဥ်တစ်စီးဖြင့် ဗုံးကျဲခဲ့ရာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်တွေလည်း အများအပြား ပျက်စီးခဲ့ပါတယ်။

သဲနုတ်ဆွတ်ဒေသခံတွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက တိမ်းရှောင်နေကြရတာဖြစ်ပြီး သဲနုတ်ဆွတ်အနီးတဝိုက်ရှိ ရေပေါ်မီးရွာ၊ တောင်ဦးရွာနဲ့ တာမယ်ပုတ် ကျေးရွာဒေသခံတွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နောက်ပိုင်းကနေ စတင်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ရေပေါ်မီးတို့ တာမယ်ပုတ်တို့ကလည်း PDF စိုးမိုးနယ်မြေပဲ။ လေယာဥ်လာနေတော့ နေလို့မရဘူးလေ။ ဒီဘက်ကို တဖြေးဖြေးရောက်လာကြတာ။ တချို့လည်း တောထဲမှာပဲ” လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

အထက်ဖော်ပြပါ ကျေးရွာတွေထဲက ပြည်သူ ၅၀၀၀ ကျော်ဝန်းကျင်ဟာ လက်ရှိ မြို့ပေါ်ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ အသိမိတ်ဆွေနေအိမ်တွေမှာ တိမ်းရှောင်နေကြရပြီး လေးပုံတစ်ပုံလောက်က တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာတွေဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ကချင်နဲ့ စစ်ကိုင်းအစပ်မှာရှိတာကြောင့် SNA နဲ့ စစ်ကောင်စီတပ်တွေအတွက် ဟုမ္မလင်းမြို့နယ်ထဲက စစ်ရေးအရ အရေးပါတဲ့နေရာတွေဖြစ်ကြောင်း သိရပါတယ်။

ရေပေါ်မီး၊ တာမယ်ဟုတ်၊ သဲနုတ်ဆွတ်နဲ့ ပါဟုတ်ကြီး၊ စုံတွဲမှော် စတဲ့ကျေးရွာတွေဟာ KIA နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုတွေ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်က သိမ်းပိုက်ထားတဲ့နေရာတွေဖြစ်ပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...