သျှမ်းမြောက်သို့ စစ်ကောင်စီ ကုန်စီးဆင်းမှု ပိတ်ပင်ထားခြင်းကြောင့် မိုးကုတ်မှတဆင့် သယ်ဆောင်နေရ

သျှမ်းမြောက်သို့ စစ်ကောင်စီ ကုန်စီးဆင်းမှု ပိတ်ပင်ထားခြင်းကြောင့် မိုးကုတ်မှတဆင့် သယ်ဆောင်နေရ
သျှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာ
သျှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာ

သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ် ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ ကုန်စည်သယ်ယူခွင့် ပိတ်ပင်ထားခြင်းကြောင့် မိုးကုတ်မြို့မှတဆင့် သယ်ယူနေရပြီး ဈေးကြီးပေး ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များထံ ဆုံးရှုံးထားသည့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ်များသို့ ယမန်နှစ် နိုဝင်ဘာလမှစတင်ပြီး စားနပ်ရိက္ခာ ဖြတ်တောက်ရန် ကုန်စည်စီးဆင်းမှုကို တင်းတင်းကြပ်ကြပ် ပိတ်ပင်လျက်ရှိရာ TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ဘက်မှတဆင့် ကွေ့ပတ်သယ်ဆောင်နေရခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“မန္တလေးအထွက် (၁၆) မိုင်ဂိတ်မှာလည်း ပိတ်ထားတာ ၃ လကျော်ပြီ။ သီပေါ၊ ကျောက်မဲဘက် ကုန်ရောက်ဖို့ မန္တလေး - မိုးကုတ်လမ်းကနေ ပတ်ရတယ်။ မိုးကုတ်ကနေ မိုင်းလုံဘက် အဲ့လို ထပ်သယ်ရတယ်။ လမ်းစရိတ်နဲ့ ဂိတ်ကြေးနဲ့ ပေါင်းလိုက်ရင် ဈေးက အရင်ထက် ၃ ဆ၊ ၄ ဆ မက တက်သွားတာ” ဟု အသက် (၄၀) ကျော်အရွယ် ကျောက်မဲဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မိုးကုတ်မြို့ဘက်မှ ကုန်စည်များကို မိုးကုတ် - မိုင်းလုံ - ကျောက်မဲ - သီပေါ လမ်းကြောင်းအတိုင်း သယ်ယူနေရပြီး လမ်းစရိတ်နှင့် ဂိတ်ဖြတ်သန်းခများကြောင့် ကုန်ဈေးနှုန်းမှာ ယခင်ကထက် ၃ ဆ၊ ၄ ဆ မြင့်တက်သွားကြောင်း ကုန်သည်များထံမှ သိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့များသို့ ရိက္ခာသယ်ဆောင်လာသည့် ကုန်တင်ကားများကို စစ်ကောင်စီတပ်က ယမန်နှစ် အောက်တိုဘာလမှစတင်ပြီး မန္တလေးအထွက် (၁၆) မိုင်ဂိတ်မှ စတင်တားမြစ်ထားကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလလယ်ခန့်မှ စတင်ပြီး စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်းမှ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်များသို့ သွားလာရာ ရပ်စောက် - အင်တော - ကျောက်ဂူ - နောင်ချို လမ်းပိုင်းကို စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပြီး ကုန်ကားကြီးများကို ငွေကြေးပေးဆောင်နိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် ယခုလ ဇန်နဝါရီလဆန်းပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ် KIA၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ထိန်းချုပ်ထားသည့် ဒေသများထဲမှ ရွှေလုပ်ကွက်များထံ စက်သုံးဆီ တင်ပို့ရောင်းချသူ (၁၇) ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း ဇန်နဝါရီ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

January 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို...
January 21, 2026
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား...
January 19, 2026
စိုင်းဟန်လင်း —ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို...
January 17, 2026
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး...