လောင်းလုံး ပင်လယ်ပြင်တွင် စစ်ဆေးမှုတင်းကြပ်၍ ငါးဖမ်းစက်လှေများ လုပ်ကိုင်ရန် ခက်ခဲနေ

လောင်းလုံး ပင်လယ်ပြင်တွင် စစ်ဆေးမှုတင်းကြပ်၍ ငါးဖမ်းစက်လှေများ လုပ်ကိုင်ရန် ခက်ခဲနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်တွင် စစ်သင်္ဘောများက လုံခြုံရေးတင်းကြပ်စွာ ချထား၍ ဒေသတွင်း ငါးဖမ်းစက်လှေများအနေဖြင့် လုပ်ကိုင်ရန် ခက်အခဲများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရေကြောင်းကို အဓိကအသုံးပြုနေရပြီး စစ်သင်္ဘောများ ကမ်းရိုးတန်းအနီးသို့ ဝင်ရောက်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများတစ်ဦးက ယခုလိုပြောသည်။

“သင်္ဘောတွေကနေ လက်နက်ကြီးတွေပစ်ပြီး ကမ်းရိုးတန်းဘက်ကို ရောက်လာတာ။ တချို့တွေကတော့ ပြေးကုန်ပြီ။ လက်နက်ကြီးထိမှာစိုးလို့။ အဆင်မပြေတဲ့သူကျတော့ ဒီ ငါးဖမ်းစက်လှေထွက်ရတယ်။ အဲ့ဒီအချိန်မှာ စစ်သင်္ဘောကနေခေါ်ပြီး စစ်ဆေးမေးတာတွေကို ပိုပြီးလုပ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီက ငါးဖမ်းစက်လှေများကို ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိနေသည့်အပြင် ခေါ်ယူ၍ မရသည့် ငါးဖမ်းစက်လှေတချို့အား သေနတ်ပစ်ဖောက် ခေါ်ယူမေးမြန်းခြင်းများလည်း လုပ်ဆောင်နေသည့်အတွက် အသက်အန္တရယ်များနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးချိန်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အထိနာသည့်အတွက် ရေကြောင်းကို ပို၍ အသုံးပြုလာခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အခုစစ်ကြောင်းထိုးတဲ့ အချိန်တွေမှာ ကုန်းပိုင်းထက်၊ ရေပိုင်းကို အသုံးပြုလာလည်းဆိုတော့ ကုန်းပိုင်းက နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေအရယူထားတဲ့အတွက် ရေကြောင်းကနေ စစ်ကောင်စီက အင်အားဖြည့်တယ်။ ရိက္ခာပို့တာတွေကို လုပ်လာတာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် အဆိုပါဖြစ်စဉ်နှင့် အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းစပ်တစ်လျှောက်တွင် လုံခြုံရေး တိုးမြှင့်ချထားပြီး ငါးဖမ်းလှေထွက်သည့် ဒေသခံများထံမှ မတရား ငွေညှစ်တောင်းခံခြင်းနှင့် လှေပေါ်ပါလာသည့် ငါးများကိုပါ အတင်းအဓမ္မ သိမ်းယူခြင်းများလည်း မကြာခဏ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...