လားရှိုး MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ထုတ်ပေးနေ

လားရှိုး MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ထုတ်ပေးနေ

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ ထုတ်ပေးနေပြီး လိုင်စင်ရှိနှင့် လိုင်စင်မဲ့ ယာဉ်များအားလုံး ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီ လဆန်းပိုင်းမှစတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် လိုင်စင်ရှိ၊ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များအားလုံးကို ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ ထုတ်ပေးနေပြီး သွားရောက်စာရင်းပေးသွင်းသူ နေ့စဉ် ရာနှင့်ချီ ရှိနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“မြို့ပေါ်မှာ ကားသူခိုးတွေ၊ ကားတိုက်ပြီး ထွက်ပြေးတာတွေများတော့ အဲ့တာကြောင့် လုပ်ပေးတာလို့ပြောတယ်။ အရင်က လိုင်စင်မဲ့ Without ကားတွေက ခဲခြစ်နံပါတ်ရယ်၊ အင်ဂျင်နံပါတ်ရယ် တောင်းတယ်။ လိုင်စင်ရှိတဲ့ကားတော့ အုံနာဘုတ် ပြပြီး တစ်သောင်းခွဲ ပေးရတယ် အဲ့လိုပေါ့။ ကဒ်ပြားပေါ်မှာ ရေးပြီး တခါတည်း ပလတ်စတစ် ကဒ်လောင်းပေးတာ” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ပေါ် ရပ်ကွက် (၃)၊ (၈)၊ (၁၂) နှင့် ဟိုပိတ်ကျေးရွာတို့တွင် ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ထုတ်ပေးသည့်ရုံးများ ဖွင့်လှစ်၍ ယာဉ်တစ်စီးလျှင် ကျပ်ငွေ (၁၅၀၀၀) ကျပ် ကောက်ခံကာ ပြုလုပ်ပေးလျက်ရှိကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဇန်နဝါရီ (၄) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ယမန်နှစ် နိုဝင်ဘာလကတည်းက လားရှိုးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ ကားနှင့် ဆိုင်ကယ်စာရင်းများကို သက်ဆိုင်ရာ နယ်မြေမှူးမှ စာရင်းလိုက်လံ ကောက်ယူခဲ့ပြီးနောက် ယခုကဲ့သို့ ယာဉ်မောင်းကတ်ပြားများကို ပြုလုပ်လာခြင်းဖြစ်ပြီး စီမံချက်အနေဖြင့် မဟုတ်ဘဲ လာသမျှ ယာဉ်များကို စစ်ဆေးပြီး ပြုလုပ်ပေးနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“သုံးတာကတော့ သျှမ်းမြောက်ဘက်ပဲ ရမှာပေါ့။ နောက်ပြီး ကားပျောက်တဲ့အချိန်၊ ကားတိုက်တဲ့အချိန် ယာဉ်နံပါတ်နဲ့ လွယ်လွယ်စစ်ဆေးလို့ ရတာပေါ့၊၊ မကောင်းတာက အဲ့ဒီကဒ်ကို သျှမ်းတောင်ယူလာတဲ့အခါ တန့်ယန်း၊ မိုင်းရယ် ကျော်လာရင် စကစ ဖမ်းမိသွားမှာ၊ ဒဏ်တပ်ခံရမှာ အဲ့လိုစိုးရိမ်တာပေါ့” ဟု တောင်ကြီး-လားရှိုးခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ လားရှိုးမြို့ အဝင်အထွက်ဂိတ်များတွင် MNDAA ထံ ဘီးလှိမ့်ခွန်အဖြစ် ယာဉ်တစ်စီးလျှင် ကျပ်ငွေ ၁၀၀၀ ပေးဆောင်ရပြီး ကုန်တင်ကားများအတွက် သယ်ဆောင်လာသည့် ကုန်ပမာဏပေါ် မူတည်ကာ အခွန်အဖြစ် (၁%) ကောက်ခံကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

အလားတူ ယခု ဇန်နဝါရီလမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် လျှပ်စစ်မီး ပြန်လည်ရရှိသည့် ရပ်ကွက်များတွင် မီတာခနှင့် အမှိုက်ခွန်များကို စတင်ကောက်ခံမည်ဖြစ်ကြောင်း လားရှိုးဒေသခံများက ပြောသည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...