နခခ( ၅) ခံစစ်အားကျဆင်းလာ၍ စခန်းမကျစေရန် စစ်ကောင်စီက လေယာဉ်များဖြင့် အားသွန်ဗုံးကြဲတိုက်ခိုက်နေ

နခခ( ၅) ခံစစ်အားကျဆင်းလာ၍ စခန်းမကျစေရန် စစ်ကောင်စီက လေယာဉ်များဖြင့် အားသွန်ဗုံးကြဲတိုက်ခိုက်နေ
ပုံစာ- ခြံစည်းရိုး သုံးထပ်ကာရန်ပြီး ခံတပ်အဖြစ် အခိုင်အမာတည်ဆောက်ထားသည့် နခခ (၅) အားတွေ့ရစဉ်။
ပုံစာ- ခြံစည်းရိုး သုံးထပ်ကာရန်ပြီး ခံတပ်အဖြစ် အခိုင်အမာတည်ဆောက်ထားသည့် နခခ (၅) အားတွေ့ရစဉ်။

အာရက္ခတပ်တော်(AA)အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မောင်တောမြို့မှ နခခ(၅) ၏ ခံစစ်အားမှာ အချိန်ကြာမြင့်လာသည်နှင့် ကျဆင်းလာနေသဖြင့် စစ်ကောင်စီက အဆိုပါ စခန်းမကျစေရန် လေကြောင်းကနေ အားသွန် ဗုံးကြဲတိုက်ခိုက် ပေးနေရကြောင်း သတင်းရရှိသည်။

စစ်ရေးလေ့လာနေသည့် ဒေသခံတစ်ဦးက“အခုက နခခ (၅) အခြေအနေက အဘက်ဘက်က ကျဆင်းလာတယ်။ တိုက်အားသိပ်မရှိတော့ဘူး။ ခုခံအားရော၊ စိတ်ဓာတ်ပိုင်းရော ကျဆင်း လာပုံရတယ်။ တစ်နေ့မှာကောင်းကောင်းမအိပ်ရ၊ မစားရ၊ တချို့လည်း ဒဏ်ရာတွေရထားကြတော့  အချိန်ကြာလာတဲ့နဲ့အမျှ သူတိုရဲ့ တိုက်အားက ကျဆင်းလာပုံရတယ်။ လေယာဉ်ခံနေလို့သာ။ လေယာဉ်တွေကိုလည်း အရင်ကထက် ပိုပြီး အသုံးပြုလာတာကိုတွေ့ရပါတယ်” ဟု ပြောသည်။   

နခခ (၅) တွင် စားနပ်ရိက္ခာသာမက ဆေးဝါးများပါ ပြတ်လပ်သွားသဖြင့် သွေးပုလင်းများ၊ ဆေးဝါးများ ကိုပါ လေထီးများဖြင့် ချပေးနေရသည်ဟု ဆိုသည်။

"နခခ(၅)တပ်ရင်းကိုချပေးတဲ့ လေထီးအထုပ်တွေစခန်းပြင်ပကို ကျလာတွေရှိတယ်။ သိမ်းဆည်းရမိတဲ့လေထီးအထုပ်တွေမှာ သွေးပုလင်းတွေ၊ Blood set တွေ၊ Drip ဒရစ်ပုလင်းတွေ၊ ဆေးထိုးအပ်တွေနဲ့ ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေပါလာတယ်။ နခခ(၅)မှာ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အရေးပေါ်‌ သွေးလိုအပ်တဲ့လူနာတွေရှိ‌လာနေတယ်လို့ သုံးသပ်နိုင်တယ်"ဟု ၎င်းက ပြောဆိုသည်။

နခခ(၅) တွင် အင်အားအနည်းဆုံး ၅၀၀ ခန့် ကျန်ရှိနေနိုင်သေးပြီး စခန်းတွင်ရိက္ခာများ ပြတ်လပ်လာနေသဖြင့် နေ့တိုင်းလိုလို လေယာဉ်ပေါ်က လေထီးများဖြင့် ရိက္ခာများချပေးနေရပြီး ရေရှည်တွင် ရိက္ခာအလုံအလောက် ရရှိရန်မလွယ်ကူနိုင်ဟု ၎င်းက ခန့်မှန်းသုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ လေတပ်သည်  နိုဝင်ဘာလ ၂၂ ရက် မနက် ၅ နာရီ ၅၀ မိနစ်ခန့်တွင်လည်း ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် နခခ (၅) အနီးဝန်းကျင်အား အပြင်းအထန်ဗုံးကြဲခဲ့သည်ဟု သိရသည်။  

ဒေသခံတစ်ဦးက"ဒီနေ့မိုးတောင်မလင်းသေးဘူး။  ဂျက် ၃ စီး‌မြေပြင်နဲ့ အနိမ့်ဆုံးက ပျံသန်းလာကြတာ။အိပ်ရာကလန့်‌နိုးသွားတယ်။ ခေါင်းပေါ်မှာဂျက်တွေပျံနေတာ။ နခခ(၅)အနီးကို ဗုံးချပေါက်ကွဲသံတွေဆူညံစွာကြားရတယ်။ ဂျက်နဲ့ဗုံးချပြီးတာနဲ့ AAဖက်က နခခ(၅)ကို လက်နက်ကြီးတွေနဲ့ပစ်တဲ့အသံတွေဆက်တိုက်ကြားနေရတယ်။ တိုက်ပွဲကတော့အလွန်ပြင်းထန်နေတယ်"ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ နေ့ကလည်း  တိုက်ပွဲပြင်းထန်နေသည့် နခခ(၅)အနီးအား ဂျက်တိုက်လေယာဉ်များဖြင့် နံနက် ၈ နာရီတစ်ကြိမ်၊ ညနေ ၄ နာရီကျော်တစ်ကြိမ် ဗုံးကြဲချခဲ့ကြကြောင်း သိရသည်။

“ နိုဝင်ဘာ၂၀ ရက် ညနေ ၅ နာရီ ၂၀ မိနစ်မှာ ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ နခခ(၅)အနီးကို ထပ်မံဗုံးချခဲ့တယ်။ ဟိုတစ်နေ့ကလည်း ကညင်ချောင်းစီးပွားရေးဇုန်အပါအဝင်နေရာအများအပြားကို စစ်ကောင်စီထပ်မံဗုံးကြဲခဲ့ပါတယ်” ဟုဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီလေတပ်သည် နခခ (၅) မကျစေရန် လေယာဉ်များဖြင့် နေ့ရောညပါ တိုက်ခိုက်ပေးနေရသည်ဟု သိရသည်။

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...