ဆောင်းဝင်စချိန် ကျေးသီးမြို့ရောက် စစ်ဘေးရှောင် ၅၀၀ ကျော် အနွေးထည်၊ စောင်များ လိုအပ်နေ

ဆောင်းဝင်စချိန် ကျေးသီးမြို့ရောက် စစ်ဘေးရှောင် ၅၀၀ ကျော် အနွေးထည်၊ စောင်များ လိုအပ်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်အတွက် စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ဘေးလွတ်ကင်းရာ မြို့၊ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့နောက် ကျေးသီးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်သည် (၃) လကျော်ကြာ တိမ်းရှောင်နေပြီးနောက် လက်ရှိတွင် စားဝတ်နေရေး ခက်ခဲသည့်အပြင် စောင်နှင့် အနွေးအထည် အဝတ်အစားများ လိုအပ်နေကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်ကတည်းက ပြေးလာကြတာ ၃ လ ကျော်နေပြီ။ အခုကတော့ စားဝတ်နေရေး အတွက်ထက် အိပ်စောင်တွေ၊ အနွေးထည်တွေ လိုနေကြတယ်။ ပြေးလာတုန်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြတာလေ။ ဆောင်းတွင်းလည်း ဝင်လာပြီဆိုတော့ အနွေးထည်နဲ့ စောင်တွေတော့ လိုနေတယ်၊ ဝတ်ပြီးသားတွေ ရရင်တောင် အဆင်ပြေပါတယ်”ဟု စစ်‌ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ကျေးသီးမြို့နယ်တွင် (၃) လကျော်ကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက်လည်း အလှူရှင်များ နည်းပါးလာပြီး စစ်ဘေးရှောင်အများစုသည် ကြုံရာကျပန်း အလုပ်များကိုသာ လုပ်ကိုင်နေရပြီး စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်နေရကြောင်း စစ်‌ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“စားဖို့သောက်ဖို့ ရှိတာလည်း ကုန်ခါနီးလာပြီ။ အလုပ်ကတော့ ကြုံတဲ့အလုပ် နေ့စားအလုပ်တွေကိုပဲ လုပ်နေရတာပေါ့။ အလှူရှင်တွေကလည်း နည်းတယ်၊ မရှိသလောက် ရှားတယ်။ အများစုကတောာ့ တစ်ရက်စားဖို့ လောက်ရုံပဲ ရကြတာလေ။ နယ်ခံတွေတောင် အလွန်ဆုံး (၂) လလောက်ပဲ ကူညီနိုင်တယ်ပဲပြောတယ်”ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကြောင့် ကျေးသီးမြို့ ဘုန်းကြီးကျောင်းများတွင် (၃) လကျော်ကြာ စစ်ဘေးတိမ်းရှောင် ခိုလှုံနေသည့် စစ်ဘေးရှောင်များအတွက်လည်း ဒေသခံများက ဆက်လက်ကူညီရန် အခက်အခဲများ ရှိလာကြောင်း သိရသည်။

ကျေးသီးမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ဘာသာရေး အဆောက်အဦးနှင့် ဘုရားကျောင်းများတွင် နေထိုင်နေကြပြီး အများစုသည် ကလေးနှင့် အမျိုးသမီးများ ဖြစ်ကြောင်း ၎င်းကပြောသည်။

အခြားတစ်ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်မှ ယခုရက်ပိုင်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသည့် အတွက် ဒေသခံများ နေရပ်ပြန်ရန်လည်း ခက်ခဲနေကြောင်း သိရသည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...