သာမညတွင် သန်းခေါင်စာရင်းအတွက် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ် ပစ်ခတ်ခံရ၊ ၃ ဦးသေဆုံး

သာမညတွင် သန်းခေါင်စာရင်းအတွက် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ် ပစ်ခတ်ခံရ၊ ၃ ဦးသေဆုံး

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းအချိန်တွင် အမည်မသိ လက်နက်ကိုင်များက ပစ်ခတ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံများနှင့် အခြား သတင်းရင်းမြစ် များက ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့ အထင်ကရ ဒေသတစ်ခုဖြစ်သည့် သာမညအဝင်မုဒ်ဝ တစ်ခုဖြစ်သည့် ဝင်းစိန်ကျေးရွာဘက်ခြမ်းနေရာ တွင် သန်းခေါင်စာရင်းကောက်ရန်အတွက်ဟု ဆိုကာ လုံခြုံရေးယူရန် ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးခန့် ပါသည့် ကားကို လက်နက်ကိုင်များက နံနက် ၇ နာရီခွဲဝန်းကျင်တွင် ခြုံခိုပစ်ခတ်ခြင်း ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၂ ဦးထက်မနည်း ဒဏ်ရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

“စစ်ကောင်စီဘက်ကတော့ သန်းခေါင်စာရင်းအတွက် လုံခြုံရေးလာချတာ ရက်အနည်းငယ်တော့ရှိပြီး ဒီမနက် တော့ သူများဝင်ပစ်တာ ဖြစ်တယ်။ မနက်ပိုင်း သူတို့တပ်လာချတဲ့အချိန် ကားပေါ်တောင်မဆင်းရသေးဘူး အပစ် ခံရတာ။ အခုစစ်တပ်ဘက်က အင်အားအများအပြား ပြန်လာချတော့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်မှာတော့ စိုးရိမ်တယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုလို လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဖားအံမြို့ဘက်မှ စစ်ကောင်စီ၏ စစ်ကူစစ်ကား ၅ စီး ထက်မနည်း သာမညဘက်သို့ တက်လာသည့်အတွက် ဒေသခံလူထုများ စိုးရိမ် ထိတ်လန့် နေသည်ဟု သိရသည်။

သာမည၌ ယခင်ရက်များက စစ်ကောင်စီတပ်ဖွဲ့ဝင်အပြင် ကရင်နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်တစ်ချို့ လုံခြုံ ရေးပူးတွဲယူပေးခြင်းရှိကာ ပစ်ခတ်ခံရသည့်နေရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ရှိကြောင်း ကနဦးသိရသည်။

ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “ဒီမနက် ပစ်ခတ်မှုဖြစ်တာ သတင်းရောက်တယ်။ သွားပစ် တာက ဘယ်အဖွဲ့လဲတော့ မသိရသေးဘူး။ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်။ ကျန်တဲ့ သတင်းအသေးစိပ်တွေကတော့ မရသေးဘူး။ ဒီရက်ပိုင်း စစ်ကောင်စီဘက်က အင်အား တိုးချဲ့ချတာရှိ သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အင်အားတိုးချဲ့တာရှိပါတယ် နှစ်ဖက်စလုံးပါဘဲ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရသည့် သာမည ဒေသသည် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် တပ်မဟာ(၇)၊ ဒုံရင်းမြို့နယ်တွင်ရှိသည်ဟု သတ်မှတ်ထားသည်။ သာမညသည် ဖားအံမြို့နှင့် မနီမဝေး တွင် ရှိပြီး စစ်ကောင်စီစိုးမိုးသည့် နယ်မြေဒေသဖြစ်၍ ကျေးရွာအားလုံးနီးပါးတွင် သန်းခေါင်စာရင်းကောက်ယူ နိုင်ကြောင်း သိရသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...