တစ်လခန့် တိုက်ပွဲပြင်းထန်နေတဲ့ ဆိုင်းတောင် Lucky Men Hotel ကို KIA သိမ်းပိုက်ရှင်းလင်း

တစ်လခန့် တိုက်ပွဲပြင်းထန်နေတဲ့ ဆိုင်းတောင် Lucky Men Hotel ကို KIA သိမ်းပိုက်ရှင်းလင်း

တစ်လအကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲက စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်အင်အား ၅၀ ခန့် တပ်စွဲထားတဲ့ Lucky Men Hotel ကို KIA တပ်တွေ အောက်တိုဘာလ ၇ ရက်နေ့ကနေ ပြင်းပြင်းထန်ထန် ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးတော့ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

“မနက်ပိုင်း ၈ နာရီခွဲလောက်မှာ ဝင်ရောက်ရှင်းလင်းလိုက်ပြီဖြစ်တယ်။ ဟိုတယ်ထဲကနေ ထွက်သွားတဲ့ စစ်သားတစ်ချို့ကို လိုက်လံပစ်ခတ်နေတယ်။ ဖမ်းဆီးရမိတာက ၂၂ ယောက်လောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ တိုက်ပွဲမှာ ဆုံးသွားပြီ။ Lucky Men Hotel ထဲမှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူး။ ဆိုင်းတောင်မှာလည်း စစ်ကောင်စီတပ်တွေမရှိတော့ဘူး”လို့ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီအရာရှိတစ်ချို့နဲ့ တပ်သား စုစုပေါင်း ၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ချို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ဒီနေ့ ညနေပိုင်း ၂ နာရီဝန်းကျင်အထိ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ် လိုက်လံပစ်ခတ်ရှင်းလင်းနေတယ်လို့ သတင်းအရင်းအမြစ်တွေပြောပြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ ၇ ရက်လောက်ကနေ စစ်ကြောင်း ၃ ခုနဲ့ ဆိုင်းတောင်ကျေးရွာထဲကို ဝင်ရောက်လာပြီး Lucky Men Hotel နဲ့ ကပ်ယက်ရှိသော KTV  နှစ်နေရာမှာ စစ်အင်အား ၅၀ လောက် တပ်စွဲထားတာဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေဘက်ကလည်း ဆိုင်းတောင်ကျေးရွာ အဝင်ပေါက် အားလုံးကို ပိတ်ဆို့ထားပြီး Lucky Men Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ထွက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဆိုင်းတောင်တိုက်ပွဲဟာ တစ်လကြာမြင့်သွားတာဖြစ်ပါတယ်။

ဆိုင်းတောင် Lucky Men Hotel ကို KIA တပ်တွေ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နေ့လည် ၂ နာရီလောက်မှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

“နောက်ဆုံးအခြေအနေက မနေ့ညကနေ Lucky Men Hotel ဘက်ကို ပစ်တယ်။ ဒီမနက် မိုးလင်းတာနဲ့ အထဲကို ဝင်နိုင်ခဲ့တယ်လို့ ပြောတယ်။ Lucky Men Hotel ကို သိမ်းနိုင်တယ်လို့တော့ကြားတယ် ဒါပေမယ့် ဘယ်လောက်ထိ သိမ်းနိုင်သွားပြီလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူး။ အထဲမှာ မီးရှို့ဖျက်ဆီးနိုင်တာတွေကရှိတယ်လို့သိရပါတယ်”လို့ပြောပါတယ်။

လက်ရှိမှာ ဖားကန့် ဆိုင်းတောင်ကျေးရွာတစ်ခုလုံးကို KIA တပ် ထိန်းချုပ်ထားပြီဖြစ်ပေမယ့် ညနေပိုင်း ၃ နာရီဝန်းကျင်အထိ ပစ်ခတ်မှုတွေရှိနေသေးတယ်လို့ ရပါတယ်။

တိုက်ပွဲကြောင့် ဆိုင်းတောင်ဒေသခံ ၆ ထောင်ဝန်းကျင် ဖားကန့်မြို့နယ်ထဲက ကျေးရွာတစ်ချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြဆဲလည်းဖြစ်ပါတယ်။

တစ်ဖက်မှာ ဖုန်းအင်တာနက်အခက်အခဲကြောင့် ဆိုင်းတောင်တိုက်ပွဲနဲ့ ပတ်သက်ပြီး အသေစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...