ပြင်ဦးလွင်မြို့ မဆုတ်တမ်းခံစစ် စစ်ကောင်စီတပ် ပြင်ဆင်

ပြင်ဦးလွင်မြို့ မဆုတ်တမ်းခံစစ် စစ်ကောင်စီတပ် ပြင်ဆင်

နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်တက္ကသိုလ်များ တည်ရှိရာ ပြင်ဦးလွင်မြို့ကို သျှမ်းမြောက် မဆုတ်တမ်း ခံစစ် အဖြစ် သတ်မှတ်၍ စစ်ကောင်စီတပ်က ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၂၆ ရက်) တွင် ပြောသည်။

ပြင်ဦးလွင် မဆုတ်တမ်း ခံစစ် ပြင်ဆင်မှုအဖြစ် ယမန်နေ့က အနီးစခန်းလေဆိပ်သို့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် အပါအဝင် တိုက်လေယာဉ်များ ထပ်မံ ရောက်ရှိနေပြီး လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ခံစစ်ပြင်ဆင်ထားသည့် စစ်တက္ကသိုလ်-DSA၊ စစ်နည်းပညာ တက္ကသိုလ် -DSTA၊ သုတေသနဌာနချုပ်နှင့် အုပ်ချုပ်မှုကျောင်း အတွင်းရှိ နိုင်ငံတော် ဧည့်ဂေဟာ စသည့် နေရာများတွင် ဒရုန်းရန် ကာကွယ်ရေး အတွက် ဂျမ်ဘာ အသစ်များ ထပ်မံ တပ်ဆင်နေသည်ဟု သိရသည်။

လက်ရှိ မြို့တွင်း မြို့ပြင်ရှိ တပ်အားလုံးနှင့် တကွ သင်တန်းကျောင်းများတွင် ခံစစ်ပြင်၍ အသင့်အနေအထား တပ်လှန့်ထားသည်ဟု ဆိုသည်။

“ရုရှားက ဝယ်ထားတဲ့ UAV ဒရုန်းကတော့ သုတေသနဌာနချုပ် (သသန) ရေတံလျောက်ကုန်းမှာ ထားတာ ဖြစ်ဖို့များတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က သုံးသပ်သည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းက ရုရှားမှ ဝယ်ယူထားသည့် ဂျန်ဘာများကို ကျော်ဖြတ်နိုင်သော UAV ဒရုန်းများသည် စစ်မြေပြင် ထောက်လှမ်းရေး အတွက် များစွာ အထောက်အကူ ပြုသည်ဟု သိရသည်။

လက်ရှိ ပြင်ဦးလွင်မြို့နှင့် ၃၅ မိုင်သာ ကွာဝေးသည့် နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး မြို့ကို TNLA ပူးပေါင်းတပ်က စတင်ထိန်းချုပ်နေပြီဖြစ်ရာ မကြာမီ သိမ်းပိုက်နိုင်မည် ဆိုသည့် သုံးသပ်မှုများလည်း ရှိနေသည်။

ထို့အပြင် ပြင်ဦးလွင်နှင့် ဆက်စပ်နေသည့် နောင်ချိုမြို့နယ် ကျေးရွာများကိုလည်း TNLA က ထိန်းချုပ်ထားရာ ပြင်ဦးလွင်ကို ခြိမ်းခြောက်နိုင်သည့် အခြေအနေ ဖြစ်သည်။

ယမန်နေ့က ပြင်ဦးလွင် ဧကတစ်သောင်း စိုက်ပျိုးရေးခြံတွင် ခံစစ်ပြင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားရာ နေရာများကို အမြောက် ပစ်ကူပေးနေသည်ဟု စစ်တပ်နှင့် နီးစပ်သည့် ပြင်ဦးလွင်မြို့ခံ တစ်ဦးက ပြောသည်။

“မနေ့က ဧကတစ်သောင်းခြံထဲကနေ အမြောက် ပစ်ကူပေးတာရှိတယ်။ လက်ရှိ အခြေအနေကတော့ မြို့ပတ်ဝန်းကျင် ကာကင်းတွေ အများကြီး ထုတ်ထားတယ်။ တိုက်ပွဲ မြို့နားကပ်လာရင်တော့ မြို့ပေါ် ဘယ်နေရာတွေကနေ အထိုင်ချ ခုခံမယ် ဆိုတဲ့ စီမံချက်က ရှိပါတယ်။ မြို့ပေါ် လူနေရပ်ကွက်တွေ၊ တိုက်အမြင့်တွေ၊ ဘုန်ကြီးကျောင်းတွေမှာ နေရာယူ အထိုင်ချတာတွေ ဖြစ်လာနိုင်တာပေါ့” ဟု ၎င်းကရှင်းပြသည်။

ယနေ့ ပြင်ဦးလွင်မြို့တွင် ပုံမှန် အခြေအနေရှိနေပြီး တိုက်ပွဲ ဖြစ်ပွားရာ ကျောက်မဲ၊ နောင်ချိုမှ စစ်ဘေးရှောင်လာသူ တစ်ချို့ မြို့တွင်း လာရောက်နေဆဲ ဖြစ်သည်ဟု မြို့ခံ တစ်ဦးက ဆိုသည်။

“အငြိမ်းစား ဗိုလ်ချုပ်တွေနဲ့ သူဌေးတစ်ချို့တော့ မနေ့က ဆင်းသွားကြပြီလို့ကြားတယ်။ ခုချိန်က ဧည့်သည်ပါးတဲ့ အချိန်။ စစ်ဘေးရှောင်တစ်ချို့ ဝင်လာတာရှိမယ်။ ပုံမှန်ပါပဲ” ၎င်းကဆိုသည်။

ယမန်နေ့က ပြန်လည်ဖြစ်ပွားလာသည့် သျှမ်းမြောက် စစ်ပွဲများတွင် အရေးနိမ့်ပါက စစ်ရေးအရ အရေးကြီးသည့် မန္တလေး လွင်ပြင်ကို ကာကွယ်နိုင်ရန် စစ်ကောင်စီက ခံစစ် ပြင်ဆင်နေသဖြင့် မြို့ခံများ အနေဖြင့် စိုးရိမ်မှုများ ရှိနေသော်လည်း မြို့ကို စွန့်ခွာမှု မရှိသလောက် နည်းပါးကြောင်း သိရသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...