ပင်လောင်းမြို့နယ် တိုက်ပွဲပြင်းထန်၊ ဒေသခံနှင့် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးရ

ပင်လောင်းမြို့နယ် တိုက်ပွဲပြင်းထန်၊ ဒေသခံနှင့် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးရ

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲပြန်လည် ပြင်းထန်လာသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များ ထပ်မံ နေရာပြောင်းရွှေ့ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ( ဇွန်လ ၁၈ ရက်) နံနက်ပိုင်းမှစ၍ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်လာသည့်အတွက် နမ်းဖာမူ၊ ကုန်းပေါ၊ ဆောင်လှန်၊ မိုးဦး နှင့် လွိုင်ကျိုင်း စသည့်ကျေးရွာများမှ ဒေသခံနှင့် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း ပင်လောင်းဒေသခံများက ပြောသည်။

“ကျနော်က ပြန်လို့မရဘူး၊ ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးတော့ လမ်းတွေပိတ်ထားတာ။ အခြေအနေက ပိုဆိုးနေတာ။ အခုက ဒေသခံတွေရော ကရင်နီဘက်ကလာတဲ့ စစ်ဘေးရှောင်တွေရော ထပ်ပြီးပြေးနေရတာ” ဟု အသက် ၄၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်အတွင်းသို့ ယခုလ ဇွန် ၁၇ ရက်မှ စတင်ပြီး စစ်ကြောင်းထိုးလာကာ ယမန်နေ့ (ဇွန် ၁၈ ရက်)တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းကြောင့် ကျေးရွာ ၆ ရွာမှ ဒေသခံများနှင့် ကရင်နီ ဘက်မှ ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် အနီးအနားရှိ ရွာများ၊ လယ်ကွင်းနှင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပင်လောင်းမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲကို လက်နက်ကြီးတွေကျတယ်၊ လူတွေထိတယ်။ ကျနော်တို့ရွာနားက လူတွေက ပြေးနေရပြီဗျ။ မိုးဦးထိ စစ်ကြောင်းထိုးလာတော့ ရွာခံတွေကော စစ်ဘေးရှောင်တွေကော ပြေးနေ ရတာ။ မပြေးလို့လည်း မရဘူးလေ လက်နက်ကြီးကျမှာကို စိုးရိမ်ရတာပေါ့။ တိုက်ပွဲမဖြစ်တဲ့ရွာကို ပြေးကြတယ်။ တချို့တော့လည်း‌ တောင်ယာထဲကို ပြေးကြတယ်”ဟု ၎င်းပင်လောင်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် ပင်လောင်းမြို့နယ် နေရာအချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်ထားခြင်းကြောင့် ထိခိုက်မှုအသေးစိတ်ကို မသိရကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် ပင်လောင်းမြို့၏ တောင်ဘက် မိုင်၄၀ ခန့် ဝေးကွာကြောင်း သိရသည်။

ယမန်နေ့ (ဇွန်လ ၁၈ ရက်)တွင် ပင်လောင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်များ ပျက်စီးမှုရှိနေပြီး၊ စစ်ဘေး‌ရှောင် (၂) ဦး လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သတင်းရရှိသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

Most read this week

ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...
ဓာတ်ပုံ - Crd
August 13, 2026
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတစ်လျှောက်ရှိ စစ်တပ် စစ်ဆေးရေး...