သျှမ်းမြောက် စစ်ရေးတင်းမာ၊ ပြည်သူများ သတိရှိရန်လိုအပ်

သျှမ်းမြောက် စစ်ရေးတင်းမာ၊ ပြည်သူများ သတိရှိရန်လိုအပ်

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးတင်းမာမှု အမြင့်ဆုံး အခြေအနေရောက်ရှိနေသဖြင့် ဒေသခံပြည်သူများ အနေဖြင့် လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်နေပြီဟု ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၁၃ ရက်) တွင် အကြံပြု ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့်  “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သျှမ်းမြောက်ဒေသရှိ အရေးပါသည့် မြို့ ၁၇ မြို့ကို သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့ကို ဝန်းရံထားစဥ် တရုတ်၏ စေ့စပ်မှုဖြင့် ဟိုင်ဂင် စာချုပ် လက်မှတ်ထိုးကာ ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ စစ်ရပ်စဲခဲ့ခြင်း ဖြစ်သည်။

“ အပစ်ရပ်ထားတဲ့ ကာလမှာပဲ စစ်ကောင်စီက လားရှိုးကို နေ့တိုင်း လူသူလက်နက် ဖြည့်နေတာ ဆိုတော့ အခု သူတို့ ထိုးစစ်ပြန်လုပ်ဖို့ အားအတော်ရှိနေပြီလို့ ပြောလို့ရတယ်။ စစ်ကတော့ ဖြစ်ကိုဖြစ်မှာပဲ။ ဘာလို့လဲ ဆိုတော့ စစ်ကောင်စီ အနေနဲ့က နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်မှ ဝင်ငွေပြန်ရမယ်။ နောက်တခုက သိက္ခာလည်း ပြန်ဆယ်နိုင်မယ်ပေါ့” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

၁၀၂၇ စစ်ဆင်ရေး အတွင်း ညီနောင် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် နယ်မြေများကို ဖြတ်သန်းပြီး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရန် တရုတ်နိုင်ငံက ညှိနှိုင်းပေးနေသော်လည်း (၅) ကြိမ်မြောက် ဟိုင်ဂင် ဆွေးနွေးပွဲ ပြီးဆုံးချိန်အထိ သဘောတူညီမှု မရခဲ့ပေ။

လက်ရှိ စစ်ကောင်စီတပ်က လားရှိုး စစ်ဌာနချုပ်ကို အဆက်မပြတ် အင်အားဖြည့်တင်းနေပြီး ယင်းမှ တစ်ဆင့် ၄င်းတို့ ထိန်းချုပ်ထားဆဲဖြစ်သည့် မူဆယ်၊ ကျောက်မဲ၊ သီပေါနှင့် မေမြို့ တို့တွင် စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

“ စစ်တပ်ဘက်က အင်အား သောင်းချီတယ်လို့ သတင်းထွက်တယ်။ ကျောက်မဲ၊ သီပေါ ဘက်မှာက စစ်တပ်နဲ့ TNLA တပ်တွေက မဝေးဘူး။ သျှမ်းတပ် (SSPP) လည်း အများကြီးရှိတယ်။ မိုင်းရယ်ဘက်လည်း သူတို့ ပြင်နေတယ်။ စစ်က အချိန်မရွေးပြန်ဖြစ်နိုင်တယ်။ စစ်တပ်က ရန်စနေတာလည်း ပါတာပေါ့” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ဟိုင်ဂင် စာချုပ်အရ စစ်ရပ်စဲထားသော်လည်း စစ်တပ်က နောင်ချို ၊ မိုးမိတ်စသည့်မြို့နယ်များကို လက်နက်ကြီးပစ်ခတ်ပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေသည့်အပြင် သီပေါ-နမ္မတူလမ်း မြောင်းဖောက်ဖျက်ဆီးပြီး ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ပင်ရန် ကြိုးစားမှုသည် ဟိုင်ဂင် စာချုပ် ချိုးဖောက်ကာ ပြဿနာရှာသည့် လုပ်ရပ်ဖြစ်ကြောင်း ယမန်နေ့က TNLA က ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုး၊ ကျောက်မဲ၊ နောင်ချိုမြို့များတွင် စစ်တပ်က မြို့တွင်း ခံစစ် ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် စိုးရိမ်နေရသည်ဟု ဒေသခံများက ဆိုသည်။

“သတင်းကတော့ အစုံထွက်နေတာပဲ။ ဒီမနက် လားရှိုး- မန္တလေးလမ်း အတက်အဆင်း ပုံမှန် သွားလာနေကြတုန်းပါပဲ။ လားရှိုးမြို့ အဝင်အထွက်ပိတ်လိုက်တယ် ဆိုတာ မဟုတ်ပါဘူး။ မနက်ပိုင်းက ဖွင့်ထားပါတယ်။ အခုနေ့လယ်ဘက်တော့ မသိဘူး” ဟု လားရှိုးမြို့ခံ တစ်ဦးက ပြောသည်။

လက်ရှိ အခြေအနေအရ တကြော့ပြန်စစ်ပွဲ ပြန်ဖြစ်ပါက စစ်ပွဲ ပြင်းထန်နိုင်ပြီး ညီနောင်မဟာမိတ်တပ်များ ဝိုင်းရံထားသည့် မူဆယ်မြို့နေ ဒေသခံများ အနေဖြင့် စစ်ပွဲအတွင်း ပိတ်မိနိုင်သည့်နည်းတူ အခြားဒေသနေ ပြည်သူများ လုံခြုံရေးသတိဖြင့် အသင့်ပြင် နေထိုင်ရန် လိုအပ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက သတိပေးသည်။

Most read this week

December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...