အာဏာသိမ်း စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးသည့်နောက် အရွယ်ရောက်ပြီး လူငယ်များသည် စစ်ကောင်စီတပ်ထဲသို့ မဝင်လိုသောကြောင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစု အသီးသီးထံသို့ ရောက်ရှိလာနေကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ စစ်ကောင်စီက ပြည်သူ့စစ် မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးသည့်နောက်စစ်မှုထမ်းရန် အရွယ်ရောက်ပြီးလူငယ်များသည် နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံခြားသို့ ထွက်ပြေးခဲ့ရ သကဲ့သို့ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည့် လူငယ်များလည်း လက်နက်ကိုင် တော်လှန်ရေးအင်အားစုများထံသို့ ရောက်ရှိလာကြသည်။
“ အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် အဓိက လမ်းစဉ် ဖြစ်သည့် လက်နက်ကိုင်တော်လှန်းရေးကို ဆင်နွဲရာတွင် အခြားမဟာမိတ်များနှင့်အတူ ဆုံးခန်း တိုင်အောင် ပါဝင်မည်” ဟု ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့က ၎င်းပြုလုပ်ခဲ့သော အပတ်စဉ် (၁) အခြေခံသင်တန်းဆင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါအပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇွန်လ ၈ ရက်တွင် ပြုလုပ်ခဲ့သည်။
ထိုသင်တန်းကာလကို ၂ လခန့်ကြာပြုလုပ်ခဲ့ပြီး တက်ရောက်သူ သင်တန်းသားများ စုစုပေါင်း ၂၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရသည်။
သင်တန်းကာလတွင် သင်တန်းသားများအတွက် ကျန်းမာကြံ့ခိုင်စေရန်နှင့် ခက်ခဲ၊ ကြမ်းတမ်း ပြင်းထန်သည့် သင်တန်အမျိုးအစားအပါအဝင် ဓိတ်ဓာတ်ပိုင်း လိုအပ်ချက်ဖြစ်သည့် နိုင်ငံရေးအခြေခံ အသိကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။
ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့သည် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊ ပင်းတယမြို့နယ်တွင် အခြေချလှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်သည်။
ထို့အပြင် ပြည်သူ့များကို စိုးရိမ်ကြောက်လန့်အောင် ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် ခြိမ်းခြောက်နေသည့် စစ်ကောင်စီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ဘက်က အရေးယူခြင်း၊ အသိပေးခြင်းပြုလုပ်ခဲ့သည်ဟု ပြောသည်။
“ကျနော်တို့ဖက်ကနေတော့ အတတ်နိုင်ဆုံး ခေါ်ယူပေးပါတယ်ဗျ။ စစ်ကောင်စီအတွက် အဓိကအလုပ်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း သတိပေးစာတွေ ပို့ထားပေးပါပြီ” ဟုဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။
အလားတူ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ထံသို့ ပါဝင်ပူးပေါင်း လာသည့် လူငယ်များလည်းရှိသည်။
“ အခုစစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ကျနော်တို့ဆီကို ရောက်လာတဲ့လူငယ်တွေရှိတယ်” ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည်လည်း နေပြည်တော်အနီး စစ်ရေးလှုပ်ရှားနိုင်ရန်အတွက် ဗျူဟာအမှတ် (၈) ကို ယခုဇွန်လအတွင်း ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ထပ်မံဖွဲ့စည်းလိုက်သည့် ဗျူဟာအမှတ် (၈) တွင် KNDF ၏ တပ်ရင်း အမှတ် ၂၂၊ အမှတ် ၂၃၊ အမှတ် ၂၄ တို့ပါဝင်သွားမည်ဖြစ်ပြီး ဖယ်ခုံ၊ ပေါင်းလောင်း၊ ပင်လောင်းဒေသတွင် လှုပ်ရှားသွားမည်ဟု သိရသည်။
ပြီးခဲ့သည့် မေလတွင်လည်း KNDF သည် ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့တွင် လှုပ်ရှားသွားမည့် ဗျူဟာ အမှတ် (၇) ကို တပ်ရင်း ၄ ရင်းဖြင့် ဖွဲ့စည်းခဲ့သည်။
စစ်ကောင်စီသည် တနိုင်ငံလုံးမှ တော်လှန်တိုက်ခိုက်မှုများတွင် ဆုံးရှုံးများနေပြီး စစ်သည်သော် အင်းအား။ လိုအပ်ခဲ့ရာ အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ပြုလုပ်ခဲ့သော်လည်း သင်တန်းပေးနေစဉ် ကာလအတွင်း သင်တန်းသားများထွက်ပြေးခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့သည်။







