စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သျှမ်းပြည်တွင်း စုဆောင်းခံရသူ ၁၆၀၀ ကျော်ရှိ

စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သျှမ်းပြည်တွင်း စုဆောင်းခံရသူ ၁၆၀၀ ကျော်ရှိ

စစ်ကောင်စီ၏ အပတ်စဉ် ၂ စစ်မှုထမ်းစနစ်အကောင်ထည်ဖော်ခြင်းအတွက် သျှမ်းပြည်တွင်း စစ်သားစုဆောင်းခံရသော လူငယ်အရေအတွက် ၁၆၀၀ ကျော်ရှိကြောင်း မြန့်မာရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) အဖွဲ့၏ မေလ ၂၉ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သျှမ်းပြည်တွင်း စစ်သားစုဆောင်းခံရသည့်နေရာများမှာ တတက-၃ (ကျိုင်းတောင်း) တွင် ၂၀၀ ဝန်ကျင်ခန့်၊ တတက-၈ (တန့်ယန်း) တွင် ၅၀၀ ကျော်၊ တတက-၁၁ (ကျိုင်းတုံ)တွင် ၅၂၈ ဦး၊ ရကသ-၁ (ဗထူး)တွင် ၂၀၀ ခန့်နှင့် တကန (ဟိုပုံး)တွင် ၂၀၀ ကျော် စုစုပေါင်း ၁၆၀၀ ကျော်ခန့် စစ်သားစုဆောင်းခံထား ရကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

“ ကျမမှာက မောင်လေးနှစ်ယောက်ရှိတယ်။ အသက်တွေကလည်း ၂၂ နဲ့ ၂၃ ဆိုတော့ သူတို့အတွက် အရမ်းစိတ်ပူတာပေါ့၊ မောင်လေးတစ်ယောက်ကတော့ ကိုးရီးယားသွားဖို့ လုပ်ထားပေမယ့် ခုက နိုင်ငံခြားထွက်ခွင့်ကလည်း ပိတ်သွားပြီဆိုတော့ ဘယ်လိုလုပ်ရမလဲ တွေးပူနေရတယ်” ဟု ရပ်စောက်မြို့နယ်တွင် နေထိုင်သည့် ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ထို အပတ်စဉ် ၂ အတွက် သင်တန်းကျောင်းများကို နိုင်ငံတဝန်းတွင် ၁၆ ကျောင်းဖွင့်လှစ်ခဲ့ပြီး ၅ ကျောင်းမှာ သျှမ်းပြည်တွင် ဖြစ်သည်။

BACS ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်းတွင် အပတ်စဉ် ၂ အတွက် စုဆောင်းခံသူ ၄၀၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။

မေလ ၂၉ ရက်က ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာ တက္ကသိုလ် တွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ “သင်တန်းသားများ အနေဖြင့် မည်သူ တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါဘဲ စစ်တပ် အတွင်းသို့ မိမိသဘောဆန္ဒ အလျောက် ဝင်ရောက်လာကြသူများ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလမှာပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် အသက်သွင်းပြီးနောက် စစ်သားစုဆောင်းမှုကို မတ်လအလယ်တွင်စတင်စုဆောင်းခဲ့ပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စုဆောင်းခံရသူ လူငယ် ၉၀၀၀ ခန့်ရှိပြီးဖြစ်သည်။

“ ကျနော်တို့ကတော့ လက်ရှိ ပြည်တွင်းမှာပဲ အခြေအနေကြည့်နေရတာပေါ့၊ ကိုယ်တိုင်က CDM လည်းလုပ်ထားတော့ သူများတွေလို passport လုပ်ပြီး နိုင်ငံခြားထွက်ပြေးဖို့လည်း မလွယ်ဘူး‌လေ၊ အခြေအနေ အရမ်းဆိုးလာရင်တော့ တောထဲပဲ ဝင်ရမယ် ထင်တယ်” ဟု အသက် ၂၄ နှစ်အရွယ် CDM ကျောင်းသားလူငယ်တစ်ဦး မှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင်းရှိ လူငယ်များသည် တော်လှန်ရေးတပ်ဖွဲ့များသို့ ဝင်ရောက်မှုများ ရှိနေသလို ပြည်ပနိုင်ငံများသို့လည်း နည်းလမ်းပေါင်းစုံဖြင့် ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေသည်။

Most read this week

February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...
February 12, 2026
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)...
February 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသည့်...