ပလက်ဝ စစ်ဘေးရှောင်အများစု နေရပ်ပြန်သွားကြပြီဆိုသော်လည်း အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးအဆင်မပြေမှုများနှင့် အတူ ဗုံးလာကြဲမည့်အန္တရာယ်ကိုလည်း စိုးရိမ်နေရ

ပလက်ဝ စစ်ဘေးရှောင်အများစု နေရပ်ပြန်သွားကြပြီဆိုသော်လည်း အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးအဆင်မပြေမှုများနှင့် အတူ ဗုံးလာကြဲမည့်အန္တရာယ်ကိုလည်း စိုးရိမ်နေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ပလက်ဝခရိုင်အတွင်း စစ်ဘေးရှောင်အများစု နေရပ်ပြန်သွားကြပြီဆိုသော်လည်း အလုပ်အကိုင်ရှားပါးမှု ၊ စားဝတ်နေရေးအဆင်မပြေမှုများနှင့် အတူ စစ်ကောင်စီက ဗုံးလာကြဲမည့် အန္တရာယ်ကိုလည်း စိုးရိမ်နေရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့စဥ်က ပလက်ဝမြို့တွင်   စစ်ဘေးရှောင်‌နေခဲ့ကြသည့်စစ်ဘေးရှောင်အများစု နေရပ်ပြန်သွားကြပြီးနောက် လက်ရှိအချိန်တွင် အလုပ်အကိုင်ရှားပါး၍ ကြုံရာကျဗန်း အလုပ်လုပ်ကိုင်နေကြရသည်ဟု ပလက်ဝမြို့နယ်၊စိမ့်စမ်းဝကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက နိဉ္စရာ သတင်းဌာနကို ပြောသည်။

" တိုက်ပွဲတွေကလည်းမရှိတော့ဘူးဆိုတော့ ကိုယ့်ရပ်ကိုယ်ရွာကိုပြန်လာကြတယ်။ပလက်ဝမြို့ပေါ်မှာနေရင်လည်း ကူညီထောက်ပံ့မယ့်သူမရှိတော့ဘူးလေ။ ‌ အေအေဖက်ကလည်း မိုင်းတွေရှင်း ပေးထားတယ်။ အခုက အလုပ်အကိုင် လုံးဝမရှိတာ။ ‌ကိုယ့်ရွာကိုယ်ဒေသအလိုက် တောအရက်တို့ ဘာတို့ ချက်ကြတယ်။ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဝမ်းစာရှာဖွေကြတယ်။ တခြားအလုပ်တွေသိပ်မရှိဘူး။အမျိုးသမီးတွေဆိုရင် ပိုဆိုးတယ်။အရင်ကဆိုရင် တောတွေ၊ တောင်တွေမှာ အလုပ်လုပ်ကြ၊ လက်သမား၊ပန်းရံတွေ လုပ်ကြ၊ အရက်ချက်ကြတာတွေလုပ်ကြတယ်။ အခုက ဘာအလုပ်မှမရှိဘူး" ဟုပြောသည်။

တော၊တောင်များကို မှီခိုအလုပ်လုပ်ကိုင်သူများမှာလည်း စစ်ကောင်စီတပ် ထောင်ထားခဲ့သည့်  မိုင်းအန္တရာယ်ကို စိုးရိမ်၍  မသွားရဲကြသလို မိုးရာသီတွင်လည်း မြစ်ချောင်းမှ ရေများတက်သည့်အတွက်သီးပင်များ မစိုက်ပျိုးနိုင်ကြောင်း ပလက်ဝခရိုင်၊ဆမီးမြို့နယ်မှ အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" တော၊တောင်တွေကို မသွားရဲသေးဘူး။  မိုင်းတွေတော့ ရှင်းလင်းပေးတာရှိပါတယ်။ဒါပေမယ့် မိုင်းအန္တရာယ်ကိုစိုးရိမ်လို့ မသွားရဲသေးဘူး။အလုပ်အကိုင်ကလည်းမရှိဘူး။မိုးရွာရင် ရေတက်လို့ စိုက်ပျိုးပင်တွေစိုက်လို့မရဘူး၊ တော်တော်ဆိုးပါတယ်  " ဟုပြောသည်။

ပလက်ဝမြို့ခရိုင်တွင် ယခုမေလ တတိယအပတ်မှစ၍ စစ်ကောင်စီ ဂျက်ဖိုက်တာများမကြာခဏ ဝဲပျံလေ့ ရှိသဖြင့် ‌ဗုံးလာကြဲမည်ကိုလည်း စိုးရိမ်နေရကြောင်း ပလက်ဝ ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာသတင်း‌ဌာန ကိုပြောသည်။

" အရင်ကဆို အကြာကြီးနေမှ လာဝဲတာမျိုးရှိတယ်။ ဒီလအတွင်းမှာဆိုရင် ညဖက်တွေ မကြာမကြာ လာဝဲတာကြားနေရတယ်။ ကြောက်တဝက် လန့်တဝက်နဲ့ နေကြရတာပေါ့။ ဟိုတလောကလည်း တရွန်အိုင်ကိုဗုံးလာကြဲလို့ လူတွေသေပြီး ‌ဒဏ်ရာရကြသေးတယ် " ဟုပြောသည်။

အာရက္ခတပ်တော်  ( AA) သည် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် စတင်ခဲ့ပြီး ရက်ပေါင်း (၆၂) ရက်အကြာတွင် ပလက်၀ဒေသ တစ်ခုလုံးသည် စစ်ကောင်စီ ကင်းရှင်းနယ်မြေ ဖြစ်သွားပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့က  သတင်းထုတ်ပြန်ခဲ့သည်။

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...