BGF/KNA ၏ မိသားစုစီးပွား ဒုစရိုက်လုပ်ငန်းများကို Justice For Myanmar အဖွဲ့ သုတေသနပြုဖော်ထုတ်

BGF/KNA ၏ မိသားစုစီးပွား ဒုစရိုက်လုပ်ငန်းများကို Justice For Myanmar အဖွဲ့ သုတေသနပြုဖော်ထုတ်

စစ်ကောင်စီ၏ လက်ဝေခံ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် ၎င်းမှအမည်ပြောင်းလဲထားသော ကရင်အမျိုးသားတပ်မတော်-KNA ၏ ဦးဆောင်သူ ဗိုလ်ချုပ်ကြီးစောချစ်သူအပါအဝင် ၎င်းမိသားစုဝင်များ ရှယ်ယာခွဲဝေပိုင်ဆိုင်သည့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ရထိုက်မြို့သစ် (သို့မဟုတ်) ရွှေကုက္ကိုလ်မြို့ သစ်စီမံကိန်းမှ ဒုစရိုက်လုပ်ငန်းများကို Justice for Myanmar က သုတေသနပြုစု ဖော်ထုတ်ထားသည်။

၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်လာခဲ့သော ရွှေကုက္ကိုလ် စီမံကိန်းကို BGF/KNA ၏ စောချစ်သူပိုင် ချစ်လင်းမြိုင်ကုမ္ပဏီနှင့် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော ရထိုက်နိုင်ငံတကာဦးပိုင် လုပ်ငန်းစုတို့က ဖက်စပ်စီးပွားရေးအဖြစ် ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ တရားမဝင် ကာစီနိုဝိုင်းများဖြင့် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် အတင်းအဓမ္မလုပ်အား စေခိုင်းမှုများ လုပ်ကိုင်၍ အကျိူး အမြတ် များစွာ ရရှိနေခြင်းဖြစ်သည်။

စောချစ်သူဟု လူသိများသည့် စောစံမြင့်၏သားဖြစ်သူ စောထူးအယ်မူး၊ စောချစ်ချစ်၊ သမီး နန်းနှင်းနန္ဒာအေးတို့သည် ချစ်လင်းမြိုင်ကုမ္ပဏီခွဲများအပါအဝင် ကုမ္ပဏီပေါင်း(၆)ခုကို ရှယ်ယာခွဲဝေပိုင်ဆိုင်ခြင်းဖြင့် ချုပ်ကိုင်ထားပြီး အထက်ပါ နိုင်ငံဖြတ်ကျော်စီးပွားရေးလုပ်ငန်းများကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေသည်ဟု JFM က ဆိုသည်။

၎င်းတို့သည် BGF ၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် ရွှေပဒေသာမြိုင်ကုမ္ပဏီတွင် ရှယ်ယာ ၅၀ ရာခိုင်နှုန်း၊ ထူးမေတ္တာထူးကုမ္ပဏီတွင် ၇၀ ရာခိုင်နှုန်း၊ ဒေါနသံလွင်ကုမ္ပဏီတွင် ၆၀ ရာခိုင်နှုန်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဖြစ်စေသော ချစ်လင်းမြိုင် သတ္တုနှင့်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီတွင် ၆၈ ရာခိုင်နှုန်း အစရှိသည်ဖြင့် ရှယ်ယာအများအပြားပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းသည် ထိုင်း-မြန်မာနယ်စပ် အာရှလမ်းမကြီး အမှတ်(၁) မှ သွားလာ ရလွယ် ကူပြီး မြဝတီမြို့မြောက်ဘက် ကီလိုမီတာ (၂၀) ကွာဝေးရာတွင်တည်ရှိသလို အနီးတဝိုက်တွင် Apollo Park၊ Yulong Bay Park(ရွှေပိတောက်မြိုင်)၊ Dongmei Park အမည်ရှိ ဆိုက်ဘာ ငွေ လိမ်ခြံ ဝင်းကြီးများနှင့် တရားမဝင်လောင်းကစားဝိုင်းဖြင့် နာမည်ကြီးသည့် KK Park ကဲ့သို့ ဒုစရိုက်လုပ်ငန်းများလည်းရှိနေသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် BGF ပိုင် ချစ်လင်းမြိုင်လုပ်ငန်းစုတွင် စောချစ်သူ၏ သားသမီး (၃)ဦးစလုံးက ဒါရိုက်တာနှင့်ရှယ်ယာရှင်အဖြစ် အုပ်ချုပ်လုပ်ကိုင်နေသလို စောချစ်သူ၏ ဇနီးဖြစ်သော ဒေါ်နန်းခင်လှသူသည်လည်း ရှယ်ယာရှင်မဟုတ်သော်ငြား အထက်ပါလုပ်ငန်းများမှ အကျိုးခံစားခွင့်ရရှိနေသည်ဟု JFM က ဆိုသည်။

ဒုစရိုက်ကွန်ရက်ဖြစ်လာသော ရွှေကုက္ကိုလ်စီမံကိန်းကို ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသားအဖြစ် ခံယူထားသူ တရုတ်လူမျိုးများ ဦးဆောင်သော ရထိုက်လုပ်ငန်းစုက ကုန်ကျစရိတ်အားဖြင့် အမေရိ ကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ခန့်မှန်းကာ လာမည့် ၂၀၂၇ ခုနှစ်တွင် စီမံကိန်းတည်ဆောက်ပြီးစီးရန် သတ်မှတ်ထားပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အဖြစ် နာမည်ခံလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းစတင်ပြီးသည့်နောက်ပိုင်း မြေယာသိမ်းပြဿနာများ၊ လူကုန်ကူးမှုပြဿနာများ၊ ငွေကြေး ထောက်ပံ့မှုစနစ်ဆိုင်ရာ ပြဿာနာများနှင့် သတ်မှတ်ချက်ထက် ကျော်လွန်ဆောက်လုပ်နေသော ပြဿနာများကြောင့် စီမံကိန်းရပ်ဆိုင်းလိုက်သည့်အနေအထားဖြစ်ခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် BGF/KNA သည် မြန်မာစစ်တပ်နှင့် စစ်ရေးအရသော်လည်းကောင်း အကျိုးစီးပွားအရ သော်လည်းကောင်း ဆက်နွယ်၍ လက်ရှိအချိန်ထိ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း JFM သုတေသနချက်တွင် ဖော်ပြထားသည်။

စောချစ်သူတို့မိသားစုအပြင် မြန်မာနိုင်ငံစက်မှုတွင်းထွက်ကုန်ကြမ်း ထုတ်လုပ်သူများအသင်း၏ ဒုဥက္ကဋ္ဌ ဖြစ်သော ဗိုလ်မှူးကြီး စောမင်းမင်းဦးက ချစ်လင်းမြိုင်ကုမ္ပဏီ၊ Yulong Bay Resort Tourism Dev ကုမ္ပဏီနှင့် မြန်မာ-ရထိုက်လုပ်ငန်းတို့ကို စီမံခန့်ခွဲပြီး ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးကုမ္ပဏီတွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူ၍ ရှယ်ယာပိုင်ဆိုင်ထားသည်။

ထို့အပြင် BGF/KNA ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီးစောတင်ဝင်းနှင့်၎င်း၏ဇနီး နန်းမြင့်မြင့်ဝင်းတို့သည်လည်း မြဝတီမြို့နယ်ရှိ ဒုစရိုက်လုပ်ငန်းများကို လျှပ်စစ်စွမ်းအင်ပိုင်းအတွက် အထောက်အပံ့ပေးထားသော ရွှေမြစ်သောင်ရင်း ကုမ္ပဏီများတွင် ရှယ်ယာရှင်နှင့်အုပ်ချုပ်မှုဒါရိုက်တာအဖြစ် နေရာယူထားသူများဖြစ်ကြောင်းလည်း သုတေသနချက်က ပြောဆိုထားသည်။

BGF/KNA သည် ဒုစရိုက်လုပ်ငန်းများမှ ရရှိသော ငွေကြေးများဖြင့် စစ်ကောင်စီမှ လစာမယူဟု ကြေညာ ထားသော်ငြား အောက်ခြေ BGF တပ်ဖွဲ့ဝင်တစ်ဦးလျှင် အခြေခံလစာ ထိုင်းဘတ်ငွေ (၅,၀၀၀) အထိ ပေး နိုင်ပြီး ၎င်းတို့ထိန်းချုပ်ရာဒေသလုံခြုံရေးကို အင်အားတောင့်တင်းစွာ စီမံထားနိုင်သည်ဟု JFM က ပြောသည်။

၎င်းတို့ထိန်းချုပ်ထားသော ရွှေကုက္ကိုလ်မြို့သစ်သည် တရားမဝင်ကာစီနိုနှင့် ငွေလိမ်လုပ်ငန်းများ လည်ပတ်ရန် လုပ်ငန်းရှင်များက အခြေခံလစာ အများအပြားပေး၍ ခေါ်ယူခြင်းကြောင့် ပြည်တွင်း ပြည်ပရှိ အလုပ်သမားအများအပြား လာရောက်လုပ်ကိုင်ရာနေရာ ဖြစ်သလို လူကုန်ကူးခံရမှု၊ အလုပ် သမားများအပေါ် လုပ်အားလိမ်လည်စေခိုင်းခံရမှုနှင့် ရိုက်နှက်နှိပ်စက်မှုများအကြား ကရင်ပြည်နယ်၏ တရုတ်မြို့ဟုလည်း နာမည်ကြီးသည်။

ထို့ကြောင့် တရုတ်လူမျိုးပိုင်ကုမ္ပဏီများ၊ ထိုင်းနိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ တရား မဝင်ဒုစရိုက်လုပ်ငန်းများဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်နေပြီး မြန်မာ အာဏာသိမ်း စစ်ကောင်စီနှင့်လည်း စစ်ရေး၊ စီးပွားရေးအရ ဆက်နွယ်နေသော BGF/KNA ၏ စီးပွားရေး လုပ်ငန်းများအား အရေးယူမှုပြုလုပ်ရန် JFM က ယနေ့ မေလ ၂၂ ရက်နေ့တွင်  ထုတ်ပြန်တောင်းဆိုထားခြင်းဖြစ်သည်။

JFM ၏ မှတ်တမ်းအရ နိုင်ငံတကာအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရမည့် BGF/KNA ၏ စီးပွားရေး လုပ်ငန်းများမှာ ချစ်လင်းမြိုင်စွမ်းအင်၊ ချစ်လင်းမြိုင် သတ္တုနှင့်ကုန်ထုတ်၊ ချစ်လင်းမြိုင် တိုယိုတာ ကုမ္ပဏီ၊ ဒေါနသံလွင်၊ ဖားအံရတနာ၊ ထူးမေတ္တာထူး၊ ထူးသစ္စာအောင်၊ မြန်မာ အပိုလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ မြန်မာ-ရထိုက် ဦးပိုင်ကုမ္ပဏီ၊ ရွှေပဒေသာမြိုင်၊ ရွှေမြစ်သောင်ရင်း၊ ရွှေမြစ် သောင်ရင်း စက်မှုနှင့်ကုန်ချောထုတ် ကုမ္ပဏီ၊ Yulong Bay Resort Tousim Development ကုမ္ပဏီ၊ Zwe Ka Pin Land & Cable Car Development ကုမ္ပဏီတို့ဖြစ်သည်။

BGF/KNA သည် ရွှေကုက္ကိုလ်မြို့သစ်ရှိ ဒုစရိုက်လုပ်ငန်းများမှ ဝင်ငွေမြောက်မြားစွာ ရရှိရုံသာမက မှောင်ခိုလုပ်ငန်းများ၊ မြဝတီဒေသခံများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ၎င်းတို့တာဝန်ယူထားသည့် အဝင်အထွက် ဂိတ်များမှ ဂိတ်ကြေးငွေကောက်ခံခြင်းတို့ဖြင့်လည်း ဝင်ငွေရရှိနေကြောင်းလည်း JFM သုတေသနချက်တွင် ဖော်ပြပါရှိသည်။

Justice For Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိ‌စေ‌ရေးအတွက် စည်းရုံးလှုံ့‌ဆော်‌နေသည့် အမည်မ‌ ဖော်လို‌ကြသော တက်ကြွလှုပ်ရှားသူ လူတစ်စုဖြင့် ဖွဲ့စည်းထားပြီး ဖက်ဒရယ် ဒီမိုက‌ရေစီနှင့် ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေးကို ‌ရှေးရှု၍ စစ်တပ်စီးပွား‌ရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် ‌တောင်းဆို‌နေသည့်အဖွဲ့ဖြစ်သည်ဟုသိရသည်။

လက်ရှိနောက်ဆုံးအခြေအနေအရ တရုတ်အစိုးရမှ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ အွန်လိုင်း ငွေလိမ် လုပ်ငန်းများကို နှိမ်နင်းမှုရှိလာခြင်းကြောင့် ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများ အောက်တို ဘာလကုန်နောက်ဆုံးထား ထွက်ခွာပေးရန် BGF ဘက်က ပြောဆိုကြေညာထားသလို လုပ်ငန်းအချို့ ကိုရပ်ဆိုင်းခဲ့သော်လည်း လက်ရှိတွင်မူ ပြန်လည်ပတ်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

Most read this week

June 15, 2024
ဖားအံမြို့တွင် ပြီးခဲ့သည့် မေလမှ စတင်ကာ စျေးကွက်အတွင်းလူသုံးများသည့် ဆေးဝါး နှင့်...
June 14, 2024
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ ၄ရွာတွင် နှစ်ဖက်တိုက်ပွဲ...
June 13, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ...
June 12, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် ကုန်ပစ္စည်း သွားလာရောင်းဝယ်မှုမရတော့...