နှစ်ပတ်အတွင်း အရပ်သားသေဆုံးမှု ရခိုင်တွင်အများဆုံး

နှစ်ပတ်အတွင်း အရပ်သားသေဆုံးမှု ရခိုင်တွင်အများဆုံး

စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုတို့၏ ဧပြီလ ၁၀ ရက်မှ ၂၃ ရက်ထိ စစ်ရေးပဋိပက္ခများကြား အရပ်သားသေဆုံးမှုမှာ တိုင်းနှင့်ပြည်နယ် ၁၂ ခုအနက် ရခိုင်တွင် အများဆုံးဖြစ်ကြောင်း BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရသည်။  

အရပ်သားသေဆုံးမှုမှာ ရခိုင်တွင် ၁၇ ဦး၊ ကချင်တွင် ၇ ဦး၊ ကရင်နီတွင် ၆ ဦး၊ ဧရာဝတီတွင် ၁ ဦး၊ မွန်တွင် ၄ ဦး၊ မကွေးတွင် ၂ ဦး၊ မန္တလေးတွင် ၆ ဦး၊ တနင်္သာရီတွင် ၁ ဦး၊ စစ်ကိုင်းတွင် ၇ ဦးနှင့် ကရင်တွင် ၃ ဦး၊ ပဲခူးတွင် ၁၄ ဦး၊ ရှမ်းတွင် ၅ ဦး စုစုပေါင်း ၇၃ ဦးထိရှိကြောင်း BNI က ဖော်ပြထားသည်။

ရခိုင်တွင် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ဒေသများနှင့် တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်များတွင် အရပ်သားများကို ပစ်မှတ်ထားပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လေကြောင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အရပ်သားသေဆုံးမှု မြင့်တက်နေခြင်းဖြစ်သည်။

“စစ်ကောင်စီက မြို့တော်တော်များများကို လက်လွှတ်ဆုံးရှုံးထားရတော့ မခံမရပ်နိုင်ဖြစ်ပြီး ထင်ရာစိုင်းနေတာ။ အေအေထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ အမြဲလုပ်နေတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ အသက်တွေဆုံးရှုံးနေရတာ” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် AA တို့ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားမှု ၅ လကျော်အတွင်း ရခိုင်က မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားသည်။

တိုက်ပွဲဖြစ်သည့်နေ့မှစ၍ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈၆ ဦးရှိကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) စာရင်းအရ သိရသည်။

စစ်ရေးကာလအတွင်း သေဆုံးဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အို၊ လူလတ်ပိုင်းနှင့် အိမ်ထောင်သည်များပါဝင်ပြီး ထိုသို့ထိခိုက်နစ်နာမှုကြောင့် မိသားစုဘဝရပ်တည်ရေးတွင် စိန်ခေါ်မှုများရှိနေသည်။

“မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးတစ်ယောက်မရှိရင် အဲဒီမိသားစုရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ လူမှုစီးပွားအကုန်လုံးက ခက်ခဲသွားပြီ။ နှစ်ဖက်စစ်ပွဲကြားမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်မထားစေချင်ဘူး။ ဒီဟာတွေကို စစ်ပွဲဆိုင်ရာဥပဒေတွေကလည်း ပြဌာန်းထားတာပဲ” ဟု ရခိုင်က လူမှုရေးသမားတစ်ဦးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ အမ်းနှင့် သံတွဲမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးနှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများရှိနေသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်းမပြုရန်နှင့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့် ပေးသင့်ကြောင်း ပြဌာန်းထားသည်။

Most read this week

May 15, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို စစ်ကောင်စီက ယနေ့ (မေလ...
May 15, 2024
မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုများအကြား...
May 13, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ကြား တိုက်ပွဲများ...
May 13, 2024
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည် မောင်တောခရိုင်တွင်...