စစ်တွေရဲ့ လက်ရှိအခြေအနေ အင်တာဗျူး

စစ်တွေရဲ့ လက်ရှိအခြေအနေ အင်တာဗျူး

စစ်တွေရဲ့ နောက်ဆုံးအခြေအနေကို သိရှိနိုင်အောင်နဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း အခြေအနေ အရပ်ရပ်ပေါ်မှာ တစ်စုံတစ်ရာ စဉ်းစားသုံးသပ်လို့ ရနိုင်အောင် အင်တာဗျူးပုံစံနဲ့ တင်ပြပေးလိုက်တာဖြစ်ပါတယ်။

မေး- အခုရက်ပိုင်း စစ်တွေရဲ့ စစ်ရေးအခြေအနေတွေကို သိသလောက်ပြောပေးပါလား။

ဖြေ- စစ်ရေးအခြေအနေကတော့ စစ်တွေမှာ အခုတော့ငြိမ်နေတယ်ပေါ့ဗျာ။ လက်နက်ကြီးတွေ တခါတရံပစ်တာကြားရတယ်။ သူတို့စစ်တပ်မိသားစုတွေကိုတော့ ပြောင်းရွှေ့နေတာကြာပြီ။ အခုလောလောဆယ်တော့ စစ်တွေမှာ ဘာဘာညာညာတော့ မကြားရသေးဘူး။ AA ဘက်က စစ်တပ်ကိုလက်နက်ချဖို့စာကမ်းထားတဲ့ သတင်းတွေကြောင့် ပြည်သူတွေကထိတ်လန့်နေကြတယ်။

မေး- ရက္ခိုင့်တပ်တော်က စစ်တပ်ဘက်ကို သတိပေးတယ်လို့သတင်းတွေထွက်လာတယ်။ အဲဒီနောက်ပိုင်းစစ်တွေကပြည်သူတွေအခြေအနေဘယ်လိုရှိလဲ။

ဖြေ- ရက္ခိုင့်တပ်တော်က စစ်တွေဒကစတစ်ခုလုံးကို လက်နက်ချဖို့သတိပေးစာကမ်းတယ်လို့ ကျွန်တော်တို့တွေ ကြားရပါတယ်။ အခုလကုန်လို့မှလက်နက်မချရင် ဝင်တိုက်မယ်ဆိုတာတွေရောပေါ့။ အဲဒါတွေကြားတော့ ပြည်သူတွေအကုန်အထိတ်တလန့်ဖြစ်နေကြတာပေါ့။ တချို့ပြည်သူတွေ ဆိုရင်လည်း ကိုယ့်မိသားစုတွေနဲ့ ဘေးလွတ်ရာကိုထွက်ပြေးနေကြတာတွေ ရှိတယ်။ မပြောင်းဘဲ ဆက်နေတဲ့ သူတွေလည်း ရှိတယ်။ မပြောင်းရွှေ့သေးတာက အနည်းစုပါပဲ။ အများစုကတော့ အဲဒီသတင်းကြားကတည်းက ပြောင်းရွှေ့နေကြတယ်။

မေး- ရန်ကုန်ကလာတဲ့ လေယာဥ်စီးခရီးသည်တွေကိုဖမ်းထားတာကရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ- ရန်ကုန်ကလာတဲ့ လေယာဥ်စီးခရီးသည်လူငယ်တွေ ယောကျာ်းရော၊ မိန်းမရော အကုန်ဖမ်းထားတယ်ဗျ။ စစ်တွေလောကနန္ဒာထဲမှာထားတယ်။ ဖမ်းထားတဲ့သူတွေကို။ သူတို့ထဲမှာလွတ်တဲ့သူလည်း လွတ်တယ်။ မလွတ်သေးသူတွေလည်းအများရှိသေးတယ်လို့သိရတယ်။

မေး- စစ်တွေက တပ်ရင်းတွေကို AA ဘက်ထိုးစစ်ဆင်တာမျိုးရှိနေပြီလား။

ဖြေ- အဲဒါတော့မရှိသေးဘူးနဲ့တူတယ်ဗျ။ လက်နက်ကြီးရံဖန်ရံခါ ပစ်တာကလွဲရင်ဘာသံမှတော့ မကြားရသေးဘူး။ ဒီနေ့တော့ လက်နက်ကြီး ခဏ ပစ်သံကြားတယ်။ ပုဏ္ဏားကျွန်းဘက်ကို ပစ်တာဖြစ်နိုင်တယ်။

မေး- စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ- အရင်လိုတော့ ဆက်တိုက်ဆက်တိုက်မပစ်တော့ဘူးဗျ။ တခါတခါနှစ်ချက်သုံးချက် ပစ်တယ်။အဲဒီလိုမျိုးပါပဲ။

မေး- စစ်ကောင်စီဌာနဆိုင်ရာရုံးတွေ အခြေအနေဘယ်လိုရှိနေလဲ။

ဖြေ- ရုံးတွေက သူတို့ရုံးတက်နေကြတာရှိတယ်။ မတက်တဲ့ ရုံးတွေလည်းရှိတယ်။ တက်တဲ့ရုံးတွေမှာလည်း လူနည်းစုပဲရုံးတက်ကြတာရှိတယ်။

မေး- ပြည်နယ်စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရော စစ်တွေမှာရှိနေကြသေးလား။ ဘယ်လိုကြားလဲ။

ဖြေ- တချို့ကျတော့ရှိသေးတယ်လို့သိရတယ်။ အများစုကတော့မရှိတော့ဘူးလို့ကြားတယ်။ ပြောင်းရွှေ့ကုန်ကြတာထင်တယ်။

မေး- အခုလက်ရှိစစ်တွေမြို့အခြေအနေကအရမ်းကြီး စိုးရိမ်ရတဲ့အနေအထား ရောက်နေပြီလား။ဘယ်လိုထင်လဲ။

ဖြေ- ကျွန်တော့်ပုဂ္ဂလိကအမြင်နဲ့ပြောရရင်တော့ လုံးဝ စိုးရိမ်ရတဲ့ အနေအထားလို့မြင်ပါတယ်။ မဖြစ်ရင်တော့ ကောင်းတာပေါ့အကိုရယ်။ ဖြစ်ပြီဆိုတာနဲ့မလွယ်ဘူးလို့မြင်တယ်။ ဘာလို့လည်း ဆိုတော့စစ်တွေမှာက ပြည်သူတွေကတစ်နေ့တခြားနည်းနည်းလာပြီလေ။ ပြောင်းရွှေ့သွားတာတွေ များနေတယ်။ တစ်ရာရာခိုင်နှုန်းဆိုရင် ခြောက်ဆယ်ရာခိုင်နှုန်းက ပြောင်းရွှေ့သွားကြတယ်။ ပြောင်းရွှေ့နေကြတယ်။

မေး- မြို့တွင်းမှာရော စစ်တပ်ဘက်က ဘယ်လိုလှုပ်ရှားမှုတွေရှိနေလဲ။

ဖြေ- အရင်ကလိုပဲ စစ်တပ်ကပုံမှန်လှည့်ကင်းထွက်တယ်။ ဟိုတစ်နေ့ကဆိုရင် ကိုရီးယားဆိပ်ကမ်း ဘက်မှာ လှေငယ်တွေဖမ်းဆီးတယ်။တခြားထူးထူးခြားခြားတော့မကြားမိသေးဘူး။

မေး- စစ်တပ်က ညမထွက်ရအမိန့်ထုတ်ထားတယ်ဆိုတော့ စစ်တွေက ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုအခြေအနေကဘယ်လိုရှိကြလဲ။

ဖြေ- ဟုတ်တယ်ဗျ။စစ်တွေမှ ညမထွက်ရအမိန့် မာရှယ်လောထုတ်ထားတယ်။ ည ကိုးနာရီက မနက်လေးနာရီအထိထုတ်ထားတာ။ အဲဒီလိုထုတ်ပြီးတော့ညနေ လေးနာရီနောက်ပိုင်းဆိုရင် ပြည်သူတွေကအပြင်သိပ်မထွက်ကြတော့ဘူး။

မေး- စစ်တွေက ဈေးတွေ၊ဆိုင်တွေ၊ လုပ်ငန်းတွေအခြေအနေဘယ်လိုရှိလဲ။

ဖြေ- မြို့မဈေးကတော့ ဖွင့်ထားသေးတယ်ဗျ။ ဆိုင်တွေဆိုရင်လည်း စစ်ဘေးရှောင်သွားတဲ့ဆိုင်တွေ အိမ်တွေ ပိတ်ထားခဲ့ကြတာတွေရှိတယ်။ ဘဏ်တွေကတော့ပိတ်ထားတာအတော်ကြာနေပြီထင်တယ်။

May 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီခန့် အကြီးပိုင်းဝန်ထမ်းများအား...
May 6, 2024
အာရက္ခတပ်တော်(AA) မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင် အခြေစိုက် စကခ (၁၅)...
May 1, 2024
ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် တရုတ်လူမျိုး ၅၀၀ ခန့်သည် ကျောက်ဖြူမြို့သို့...