စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်သို့တင်ပို့သည့် ဂတ်စ်ပိုက်လိုင်းတလျှောက် အဆောက်အဦး ၁၆၀ နီးပါး ပျက်စီး

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်သို့တင်ပို့သည့် ဂတ်စ်ပိုက်လိုင်းတလျှောက် အဆောက်အဦး ၁၆၀ နီးပါး ပျက်စီး

သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်သို့ တင်ပို့ရောင်းချနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက် အဆောက်အဦး ၁၆၀ နီးပါး ပျက်စီးသွားခဲ့ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF ကထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖော် ဦးဆောင်သည့် “၁၀၂၇ စစ်ဆင်ရေး”အပြီး သျှမ်းမြောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက်ရှိ မြို့နယ်များကို စစ်ကောင်စီက လေကြောင်းမှလည်းကောင်း၊ ကုန်းကြောင်းမှလည်းကောင်း အဆင်အခြင်မဲ့ တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၇ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ မြို့နယ်များမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့် နမ့်ခမ်း မြို့နယ် ၅ ခုတို့ ဖြစ်သည်။

လက်ရှိ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်နေသည့် ကျေးရွာများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် နီးစပ်နေသဖြင့် အဆင်အခြင်မဲ့တိုက်ခိုက်မှုများကြောင့် အန္တရာယ်ကြီးမားလွန်းသော ပိုက်လိုင်းပေါက်ကွဲမှု များဖြစ်ပေါ်လာမည်ကိုစိုးရိမ်မှုများ မြင့်တက်နေလျက်ရှိကြောင်း ဆိုသည်။

“ပိုက်လိုင်းထိခိုက်တာတော့ မရှိပေမယ့် ပိုက်လိုင်းနဲ့အနီးစပ်ဆုံးကတော့ ကျောက်မဲမှာဖြစ်ခဲ့တဲ့ ပန်တိန် ကျေးရွာမှာဆိုရင် မြေပြင်အဆောက်အဦးကတော့ ပျက်စီးမှုရှိတယ်။ ပိုက်လိုင်း ပျက်စီးမှုတော့ မရှိဘူး။ ဒါပေမယ့် ပိုက်လိုင်းနဲ့အနီးဆုံး ရောက်နေတယ်” ဟု SHRFမှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်တွင်လည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နောင်ချိုမြို့ အနောက်ဖက် ၆ ကီလိုမီတာဝေးကွာသည့် ကျောက်ကြမ်းရွာသည် ပိုက်လိုင်းနှင့် မီတာ ၁၀၀ သာဝေးကွာသည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်က စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ကျောက်မဲမြို့ အရှေ့ဖက် မူဆယ်-မန္တလေးအဝေးပြေးလမ်းပေါ်ရှိ ဗူးခါးရွာသည်လည်း ပိုက်လိုင်းနှင့် မီတာ ၅၀၀ သာကွာဝေးနေလျက်ရှိသည်။

လက်ရှိ ညီနောင်မဟာမိတ်သုံးဖော် အလုံးစုံထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ကလည်း ၎င်းတို့မထိန်းချုပ်နိုင်ခင် ဒီဇင်ဘာလ ၁၆ ရက်က စစ်ကောင်စီသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် မီသာ ၄၀ သာကွာဝေးတဲ့ နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

March 9, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက်...
March 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
March 5, 2026
စိုင်းဆိုင်အိုက် — “ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး...
March 4, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၆၀၀ ကျပ်အထိ ဈေးတက်လာပြီး...