မောင်တော ဒုံးညိုနယ်ခြားစောင့်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဟု AA ထုတ်ပြန်

မောင်တော ဒုံးညိုနယ်ခြားစောင့်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ဒုံးညိုကျေးရွာအနီးရှိ ဒုံးညိုနယ်ခြားစောင့်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့ညနေတွင် ထုတ်ပြန်သည်။

"လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း အညံ့မခံသော စစ်ကောင်စီ၏ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီခန့်တွင် ရက္ခိုင့်တပ်တော်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ (၁၇) ရက်၊ နေ့လယ် (၁) နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်"ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရန်သူ့လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲခြင်းဖြစ်ပြီး သုံ့ပန်း (၁၈) ဦးအား လက်နက် အလက် (၄၀) နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုထားသည်။

ဤစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့ဘက်မှ ကျဆုံး၊ ဒဏ်ရာရသူတချို့ရှိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအား ဦးဆောင်သူ၊ အကောင်အထည်ဖော် တပ်ဖွဲ့ဝင်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရခိုင်တွင် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

AA ထံ လက်နက်ချအညံ့ခံသည့် တပ်ဖွဲ့ဝင်အများအပြားရှိသလို စခန်းဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားလည်း ရှိနေသည်။

လက်နက်ချအညံ့မခံသောစခန်းများကို တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း AA က ဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်၊ နံနက် (၅) နာရီ၊ (၃၆) မိနစ်တွင်လည်း မောင်တောမြို့နယ်၊ ကံပြင်သာစည်ရွာ၏ အရှေ့မြောက် (၃.၃) ကီလိုမီတာအကွာအဝေး၌ လက်နက်ချရန် ငြင်းဆန်သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။  

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟုလည်း သိရသည်။

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...