ရိုးရာဝတ်စုံ ယဉ်ကျေးမှု

ရိုးရာဝတ်စုံ ယဉ်ကျေးမှု
by -
ကန္တာရဝတီတိုင်း(မ်)
ဒီနေ့ဒီအချိန် ကယားပြည်နယ်မှာ တွေ့မြင်ဖို့ရာ ခက်ခဲနေပြီဖြစ်တဲ့ ကယန်းပဒေါင် ရိုးရာဝတ်စုံတွေကို လွိုင်ကော်မြို့နယ် ဒေါဆန်းဘူးကျေးရွာမှာ တွေ့မြင်နိုင်ဆဲပါပဲ။ ဒေါဆန်းဘူးရွာ အမျိုးသမီးကြီးတွေ တင်မကပဲနဲ့ တက်သစ်စအပျိုပေါက်လေးတွေတောင် အမြတ်တနိုးနဲ့ ဝတ်ဆင်နေကြဆဲပါ။

အသက် (၂၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မလူဆီးယာမူပလန်းဟာ အဲဒီ အမြတ်တနိုးဝတ်ဆင်သူတွေထဲက တစ်ယောက်ပေါ့။

မူပလန်းဟာ မူလတန်းအရွယ်တည်းက သူမရဲ့ဝတ်စုံကိုဝတ်ဆင်နေပေမယ့် ကျောင်းသွားတဲ့ချိန်မှာ အခြား ကျောင်းသားတွေက သူမကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတဲ့အတွက် အထက်တန်းကျောင်းသူ ဖြစ်တဲ့အချိန်အထိ ဆက်ပြီး ၀တ်ဆင်ဖို့ သတ္တိမရှိခဲ့ပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ (၂)နှစ်၊ မူပလန်းရဲ့ အသက် (၁၉) နှစ်အရွယ်မှာတော့ ကယန်းပဒေါင် ရိုးရာဝတ်စုံကို ပြန်လည်ဝတ်ဆင်ချင်တဲ့ စိတ်ဟာ သူမဆီကို တစ်ဖန်ပြန်ပြီးရောက်ရှိလို့ လာပါတယ်။ ဒါကတော့ ရုပ်ရှင်ကား တစ်ကားကြောင့်ပဲ ဆိုပါတော့။

၂၀၁၃ ခုနှစ်၊ ဒေါင်ငံခါးရွာမှာ ကျင်းပပြုလုပ်တဲ့ ကယန်းအမျိုးသားနေ့ ပွဲတော်မှာ ဒါရိုက်တာ အောင်ကိုလတ်ကိုယ်တိုင် လာရောက်ပြသသွားခဲ့တဲ့ 'ကယန်းအလှ' ဇာတ်ကားက မူပလန်းရဲ့ ရိုးရာဝတ်စုံအပေါ် မြတ်နိုးချစ် ခင်စိတ်တွေကို ပြန်လည်နှိုးဆွပေး လိုက်တာပါပဲ။

"အော် ကျွန်မတို့လူမျိုးတွေ မပပျောက်သေးဘူးပဲ။ အခုဆိုရင် ဒီဇာတ်ကားကြောင့် လူတွေက ကျွန်မတို့ကို ပိုသိလာပြီ။ ကျွန်မတို့လည်း ကျွန်မတို့ရဲ့ ရိုးရာကို ဆက်လက်ထိန်းသိမ်းမယ်။ ကျွန်မတို့ရဲ့ ရိုးရာဝတ်စုံလေးက ဒီလောက်တောင်လှပါလား ဆိုပြီး ပြန်လည်ဝတ်ဆင်ဖို့ စိတ်အားထက်သန်လာခဲ့ပါ တယ်"လို့ မူပလန်းက သူမရဲ့စိတ်ခံစားချက်ကို ပြောပါတယ်။

ဒေါဆန်းဘူးရွာမှာတော့ ရိုးရာဝတ်စုံဝတ်ဆင်ကြတဲ့ အရွယ်စုံအမျိုးသမီးတွေကို မှတ်တမ်းတင်ထားကြ ပါတယ်။ ဒီကိစ္စက ဒေါဆန်းဘူးရွာအတွက် ဂုဏ်ယူစရာဖြစ်ပြီး ရိုးရာဝတ်စုံကို ၀တ်ဆင်သူတွေဟာ အခုဆိုရင် (၂၃) ယောက်အထိ ရှိလာခဲ့ပါပြီ။

ကယန်းရိုးရာဝတ်စုံကို မမြင်ဖူးတဲ့သူတွေအတွက်ကတော့ သူတို့ရဲ့ဝတ်စားဆင်ယင်မှုက ထူးခြားတဲ့ပုံ ပေါက်နေမှာပါ။ ဦးခေါင်းထိပ်မှာ ဆံထုံးတစ်ခု၊ အဲဒီ ဆံထုံးပေါ်မှာမှ ရောင်စုံအဝတ်နဲ့ ထပ်ပြီး ခွေထားတဲ့ဆံထုံး၊ ဆံထုံးရဲ့ ညာဖက်ကနေ ဘယ်ဘက်ကို ကန့်လန့်ဖြတ်ထိုးထားတဲ့ ငွေသားဆံထိုး တစ်ခု၊ နဖူးပေါ်မှာ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင် အစရှိတဲ့ ပုဝါ၊ လည်ပင်းမှာ စွပ်ထားတဲ့ ကြေးကွင်းတွေ စတာတွေက ကယန်းလုံမပျိုတစ်ယောက်ရဲ့ ထင်ရှားတဲ့ ရိုးရာအမှတ်အသားတွေလို့ ပြောရပါလိမ့်မယ်။

"ပျောက်ကွယ်တော့မှာဖြစ်တဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားရိုးရာဝတ်စုံကို ပြန်ပြီးထိန်းသိမ်းတဲ့ အနေနဲ့ ကျွန်မဒီလိုဝတ်နေရတာ ကျွန်မကိုယ်ကျွန်မ အရမ်းဂုဏ်ယူမိတယ်" လို့ ရိုးရာဝတ်စုံကို ဝတ်ဆင်နေတဲ့ မူပလန်းက ပြောပြနေပါတယ်။

ကယန်းပဒေါင်လူမျိုးတွေရဲ့ လည်ပင်းမှာ ကြေးကွင်းစွပ်တဲ့ အလေ့အထဟာ လွယ်ကူတဲ့ အခြေအနေ တစ်ခုတော့ မဟုတ်ပါဘူး။ ကြေးကွင်းစွပ်တဲ့ အမျိုးသမီးတွေအနေနဲ့ အသက် (၇) နှစ်အရွယ်မှာ ကြေးကွင်း (၁၀) ကွင်း စတင်ဝတ်ဆင်ရပြီး (၅) နှစ် ဒါမှမဟုတ် (၁၀) နှစ်မှာ တစ်ကြိမ် ကြေးကွင်းတွေ ထပ်တိုးလေ့ရှိကြပါတယ်။

ထိုင်တဲ့အခါ ကွေးပြီးထိုင်လို့မရတာ၊ ၀တ်ထားတဲ့အချိန်ကြာရင် လည်ပင်းရှည်လာတာတွေကြောင့် လည်း မိန်းကလေးတွေဟာ သူတို့ရဲ့ အလှအပနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုကို ချိန်ထိုးစဉ်းစားရတဲ့ အနေအထားကို ရောက်ရှိလာခဲ့တာပါ။

"ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့ ရိုးရာ ဓလေ့ကိုမှ မမြတ်နိုးရင် ဘယ်သူတွေက လာပြီးမြတ်နိုးတော့ မှာလဲ။ ကျွန်မတို့ရဲ့တိုင်းရင်းသားတွေ ကမ္ဘာပေါ်မှာရှိနေသေးတယ် ဆိုတာကိုကမ္ဘာက သိအောင် ပြောပြဖို့ ကျွန်မတို့မှာ လိုနေပါပြီ။ ဖြစ်နိုင်ရင် ကိုယ့်နဲ့ရွယ်တူ ၊ကိုယ့်ရဲ့ ညီမငယ်လေးတွေကိုလည်း ဝတ်ခိုင်းစေချင်တယ်။ အခုဆိုရင် သေးသေးလေးအရွယ်ကစ လိိုက်ပြီးဝတ်ဆင်နေကြတာကို တွေ့ရပါတယ်။ ကျွန်မအရမ်းပျော်ပါတယ်"လို့ မူပလိုင်းက ပြုံးပြီး ဆက်ပြောပါတယ်။

ကယန်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းရေးကော်မတီခေါင်းဆောင် ခွန်သိန်းမိုကတော့ လူငယ်တွေ တိုင်းရင်းသားဝတ်စုံ ၀တ်ဆင်ဖို့အတွက် အမြဲတစေ တိုက်တွန်းနေတတ်သူပါ။

သူက ပြည်နယ်အစိုးရအဖွဲ့ရဲ့ အခမ်းအနားအချို့မှာ တိုင်းရင်းသားဝတ်စုံပြည့်နဲ့ လူငယ်တွေကို သွားရောက်ဖျော်ဖြေဖို့ ချိတ်ဆက်ပေးသူဖြစ်ပြီး အဲဒီက ရရှိတဲ့ရန်ပုံငွေကိုတော့ ရိုးရာဝတ်စုံတွေ ပြန်ပြီး ချုပ်လုပ်တဲ့နေရာမှာ သုံးတယ်လို့ ဆိုပါတယ်။

"ကျွန်တော့်အနေနဲ့ လူငယ်တွေ ဒီလိုဝတ်ဆင်တာ ကျွန်တော်အားပေးတယ်။ အစအဆုံး ကူညီပေးတယ်။ သူတို့လိုတဲ့ ကြေးကွင်းတွေ အဆောင်အယောင် တွေကိုကျွန်တော်လုပ်ပေးတယ်။ အစိုးရလူကြီးတွေနဲ့လည်း ကျွန်တော်ဆက်ပေးပြီး ကိုယ်တိုင် လိုက်ပို့ပေးတယ်၊ စီစဉ်ပေးတယ်"လို့ ခွန်သိန်းမိုက ဆိုပါတယ်။

ကယားပြည်နယ်ထဲကို အလည်လာကြတဲ့ နိုင်ငံခြားသားတွေကတော့ ကယန်းပဒေါင်တွေရဲ့ ရိုးရာဝတ်စုံကို သဘောကျကြပြီး ကယားပြည်နယ်လို့ ပြောလိုက်တာနဲ့ ကယန်းပဒေါင်တွေရဲ့ ကြေးကွင်းစွပ်ယဉ်ကျေးမှုနဲ့ တွဲပြီး မြင်လာကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

လည်ပင်းမှာ ကြေးကွင်း (၂၅)ကွင်း၊ လက်တစ်ဖက်မှာ လက်ကောက် (၅)ကွင်းစီ အပြင် နားကပ်နဲ့ လည်ဆွဲတွေ အပြည့်အစုံဝတ်ဆင်ထားတဲ့ ဒေါဆန်းဘူးကျေးရွာသူ ဒေါ်မူဆ ကတော့ ရက်ကန်း ယက်လိုက်၊ ခေါင်ရည်သောက်လိုက်နဲ့ သူ့ရဲ့ရိုးရာဝတ်စုံအပေါ်ထားတဲ့ စိတ်ခံစားမှုကို ပြောပြနေပါတယ်။

"နေရထိုင်ရ စားရသောက်ရတာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ဒီကြေးကွင်းတွေကို မဖြုတ်ဘူး။ စားလည်း ဒီလိုပဲ၊ အိပ်လည်းဒီလိုပဲ။ တောင်ယာသွား၊ ပလိုင်းလွယ်၊ ရေမောက်တွေလွယ်လည်း ဒီတိုင်းပဲ။ မဖြုတ်ဘူး နောက်ဆုံးသေတဲ့ အထိလည်း ဒီအတိုင်းယူသွားမှာ"လို့ ဒေါ်မူဆက ဆိုပါတယ်။

"အခုငါတို့က အိုနေပြီပေါ့နော်၊ နောက်ထပ် တက်လာတဲ့ ကလေးတွေ ဒီလိုဝတ်စုံတွေ ပြန်ဝတ်တာ မြင်ရတော့ ဝမ်းသာတယ်၊ ပျော်တယ်၊ သူတို့ကိုလည်း ဆက်လက်ပြီး ထိန်းသိမ်းခိုင်းစေချင်တယ်"လို့ သူမက ဆက်ပြောပါသေးတယ်။

လူကြီးတွေကတော့ ရိုးရာဝတ်စုံကို ထိန်းသိမ်းချင်တယ်၊ ယဉ်ကျေးမှုကို ဆွဲဆန့်ထားချင်တယ်။ ဒါပေမယ့် လူငယ်တိုင်းကိုတော့ သူတို့ စည်းရုံးနိုင်ဖို့ လိုပါလိမ့်မယ်။ ရိုးရာဝတ်စုံအတွက် ဂုဏ်ယူနေတဲ့သူတွေ ရှိသလို၊ အလှအပကြောင့် ရိုးရာဝတ်စုံကို ရှောင်ချင်တဲ့သူတွေလည်း ရှိကြတယ်ဆိုတော့ ဒီပြဿနာကို လူကြီးတွေအနေနဲ့ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်နိုင်မှသာ အဆင်ပြေမယ် မဟုတ်လား။

ဘာပဲဖြစ်ဖြစ် ဒေါဆန်းဘူး ကျေးရွာသူတွေအနေနဲ့ သူတို့ရဲ့ ရိုးရာဝတ်စုံကို နောင်နှစ်တွေ အများကြီး ကြာတဲ့အချိန်အထိ ထိန်းသိမ်းသွားကြလိမ့်မယ်လို့ အိမ်အပြန်လမ်းမှာ ကျွန်မ မျှော်လင့်မိတာပါပဲ။ လူမျိုးတစ်မျိုးရဲ့ ဂုဏ်ကို ထိန်းသိမ်းဖို့ ရိုးးရာဝတ်စုံဆိုတာ မရှိမဖြစ် လိုအပ်တဲ့အရာလို့ ကျွန်မ ထင်မိတယ်လေ…..။

Most read this week

December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...