ညီနောင်မဟာမိတ် ၃ ဖွဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်

ညီနောင်မဟာမိတ် ၃ ဖွဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်

ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီဟု ကြေညာလိုက်သည်နှင့် တပြိုက်နက်တည်း ရှမ်းပြည် နယ်မြောက်ပိုင်း မြို့နယ်အများအပြားတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနေသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က အောက်တိုဘာလ ၂၇ ရက်(ယနေ့)တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီ ဟု ကြေညာလိုက်သည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ မြို့နယ်နှင့် ချင်းရွှေ ဟော်တို့တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က တပ်စွဲထားသည့် နေရာများ၊ တိုးဂိတ်၊ ရဲကင်းစခန်း၊ မြို့အထိုပ်တပ်၊ ရဲစခန်းများကိုညီနောင်မ ဟာမိတ် အဖွဲ့က တစ်ချိန်တည်း တစ်ပြိုက်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွားလာ သည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်၍ ကွတ်ခိုင်မြို့ က ဒေသခံ အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဒီနေ့မနက်ပိုင်း ၅ နာရီလောက်ဖြစ်မယ်ထင်တယ်။ သူတို့ စပစ်နေကြတာပေါ့နော်။ဒါပေမယ့် ဘယ်ဖက်က ပစ် တာလည်းတော့ မသိဘူး အသံကတော့ စကြားနေရတယ်။ ညီမတို့ ကြားမိတာက လားရှိုးရယ်၊ မူဆယ်ရယ်၊ ကွတ်ခိုင်ရယ်၊နမ့်ခမ်းရယ်ပေါ့နော်။ သူတို့က တစ်ချိန်တည်းပဲ ပစ်ကြတာပေါ့နော်။ ညီမတို့ ကြားမိတာက ၅ နာရီ ခွဲလောက်ဖြစ်မယ်ထင်တယ်။ အသံစကြားရတာပေါ့နော။ ဒီရှမ်းမြောက် ၄ မြို့နယ်အပြင် လောက်ကိုင် သွားတဲ့ ဖက်ပေါ့နော။ လောက်ကိုင်ရယ်၊ ချင်းရွှေဟော်မှာ အဲဖက်တွေမှာလည်း သူတို့က အဲဒီ ရှမ်းမြောက် ၄ မြို့နယ်နဲ့ အတူတူပဲ သူတို့ ဝင်ပစ်တာ အဲဖက်မှာက ညီမကြားမိတာက ကိုးကန့်တွေပဲ ဝင်သိမ်းလိုက်တာပေါ့။ ဒီဖက် TNLA တပ်တွေရှိတော့ သူတို့က အတူတူ ဝင်သိမ်းတာပေါ့။ စခန်း တော်တော်များများတော့ သူတို့က သိမ်းပိုက်လိုက်ရ တယ်လို့ပြောတယ် အဲလိုမျိုးတော့ ကြားတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၂၇ ရက်န့၊ နံနက် ၅ နာရီခွဲ အချိန်ခန့်က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ဒေသခံ ဆိုသည်။

တိုက်ပွဲအတွင်း နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ၁၃ မိုင်စခန်းနှင့် မိုက်ခရိုဝိတ် စခန်း ၂ ခုကို ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် TNLA က သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။

အဆိုပါ စခန်းကုန်းများသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-နမ့်ဖက်ကာ လမ်းပိုင်းတွင်ရှိ သည့် စစ်ကောင်စီတပ်၏ တပ်စခန်းကုန်းများဖြစ်သည်။

ထို့အပြင် ကိုးကန့်တပ်မတော် MNDAA ကလည်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်သလို ချင်းရွှေ ဟော်မြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီဟု BBC မြန်မာပိုင်း သတင်းဌာနနဲ့ ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေ သတင်းဌာနက ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောဆိုမှုများကို ကိုးကားပြီး သတင်းရေးသားထားသည်။

လက်ရှိမှာ တိုက်ပွဲပြင်းထန်စွား ဖြစ်ပွားနေသည့် ချင်းရွှေဟော်ဖက်ကို စစ်ကောင်စီတပ်၏ လေယာဉ်များပျံ တက်သွားသည်ဟု ရှမ်းမြောက်ဒေသခံများက ပြောသည်။

လားရှိုးမြို့က ဒေသခံတစ်ဦးက “ဆယ်နာရီ ဆယ့်တစ်နာရီလောက်မှာတော့ ချင်းရွှေဟော်ဖက်မှာတော့ လေ ယာဉ်ပျံတွေနဲ့ တက်သွားတာတော့ တွေ့ရတယ်။ တိုက်ပွဲတွေ ဖြစ်နေတော့ အခြေအနေမကောင်းတော့ ပြန်တဲ့ သူတွေ ပြန်ကြတယ်။ ဒါပေမယ့် အဲဒီလို လမ်းတွေက ပိတ်ထားတော့ တချို့တွေက ပြန်လို့ မရတာတွေတော့ ပြောတာတွေတော့ ရှိတယ်” ဟု ပြောသည်။

ထို့အတူ လားရှိုးမြို့တွင်လည်း လေယာဉ်များ ပျံဝဲနေသည်ဟု အဆိုပါ ဒေသခံက ဆိုသည်။ တိုက်ပွဲဖြစ်စက လားရှိုးမြို့ အဝင်အထွက် လမ်းတစ်ဖက်ကို သာ ပိတ်ထားရာကနေ တိုက်ပွဲငြိမ်းသွားပြီးနောက် စစ်ကောင်စီတပ် က မြို့အဝင်အထွက် ဂိတ်များကို အားလုံးကို ပိတ်ထား လိုက်သည်ဟု ဒေသခံများက ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး အပါအဝင် ရည်ရွယ်ချက် ၅ ချက်ဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်သည် ဟု ထုတ်ပြန်ပြောဆိုထားသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာ နိုင်သည်ဟု ဒေသခံများက ဆိုသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...