စစ်ကောင်စီနှင့် ဆက်နွယ်သော အင်းလေးဟော်တယ်များကို အမျိုးသမီး အဖွဲ့ သပိတ်မှောက်

စစ်ကောင်စီနှင့် ဆက်နွယ်သော အင်းလေးဟော်တယ်များကို အမျိုးသမီး အဖွဲ့ သပိတ်မှောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ အတွင်းရှိ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ် သော ဟိုတယ်များတွင် မတည်းခိုကြရန် အင်းလေး အမျိုးသမီးသမဂ္ဂအဖွဲ့ (IWU)က တောင်းဆိုလိုက်သည်။

အင်းလေးဒေသအတွင်း လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်ကျင်းပမည့် ဖောင်တော်ဦးဘုရား ဒေစာရီကြွချီပွဲတော်ကို လာရောက်ကြမည့် ခရီးသွားများအတွက် သတိပြုနိုင်ရန် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း IWU ၏ အတွင်းရေးမှူး မကြိုးကြာက ပြောသည်။

“အခုချိန်မှာ စစ်တပ်ကနေပြီးတော့ အာဏာသိမ်းထားတဲ့အတွက် ကျမတို့ အနေနဲ့လည်း စစ်တပ်ကို မထောက်ခံ သလို စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့သူ မှန်သမျှကိုလည်း တိုက်ထုတ်သွားမှာ ဖြစ်တဲ့အတွက် စစ်တပ် မိသားစုပိုင် စစ်တပ်ထောက်ခံတဲ့ ဟိုတယ်တွေကို ဆန့်ကျင်ရခြင်း ဖြစ်ပါတယ်။ နောက်တခုက ဘုရားပွဲကိုလာ ရင်း တည်းမယ့် ဟိုတယ်ခတွေဟာ ဆိုလိုရှိရင် စစ်တပ်ကနေတစ်ဆင့် လက်နက်တွေ ကျည်ဆံတွေ ဝယ်ဖို့ အတွက် ပြန်လည်စီးဆင်းမယ့် သွေးစွန်းငွေတွေ ဖြစ်တဲ့အတွက် ဆန့်ကျင်ရခြင်း ဖြစ်တယ်။”

အင်းလေး အမျိုးသမီး သမဂ္ဂအဖွဲ့ (IWU) က ထောက်ပြလိုက်သည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသော ဟိုတယ်များမှာ ဦးအောင်မျိုးမင်းဒင် ပိုင်ဆိုင်သည့် Anata Inla၊  Paramount Inle Resort၊ Amazing Nyaung Shwe၊ Amazing Innlay၊ ဦးတေဇ ပိုင်ဆိုင်သည့် Alreum Place၊ Myanmar Treasure၊ ဦးခင်မောင်မေး ပိုင် ဆိုင်သော KMA INLE Hotel၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) ပိုင်ဆိုင်သော GIC 1+2၊ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်တင်ရီ ပိုင်ဆိုင်သော Shwe Inn Tha၊ Ann Heritage Lodge တို့ဖြစ်ကြသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၏ သမီး ဒေါ်နန္ဒာအေး ပိုင်ဆိုင်သော Pristine Lotus Resort၊ ယခင် ထောက်လှမ်းရေးဟောင်း ဒေါ်တင်မာမြင့် ပိုင်ဆိုင်သော Inle Garden Hotel၊ ယခင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီ၏ ညွှန်ကြားရေးမှူးဟောင်း ဦးထင်ကျော် ပိုင်ဆိုင်သော Ostell Bello Nyaung Shwe၊ MRTV 4 အစု ရှယ်ယာဝင် ဦးသန်းအောင် ပိုင်ဆိုင်သော 81 Hotel၊ ဗိုလ်မှူးချုပ်ဟောင်းနှင့် ပြန်ကြားရေး ဝန်ကြီး ဟောင်း ဦးကျော်ဆန်း သမီး ဒေါ်သင်းကြည်ဆန်း ပိုင်ဆိုင်သည့် Royal Nyaung Shwe၊ အင်းအမျိုးသား အဖွဲ့ ချုပ်ပါတီ တည်ထောင်သူ ဦးတင်အောင်ကျော် ပိုင်ဆိုင်သော Good Will၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သမီး ပိုင်ဆိုင်သော Myat Mingalar စသဖြင့် ဟိုတယ်ပေါင်း ၁၈ ခု တို့ဖြစ်ကြသည်။

လာရောက်လည်ပတ်ကြမည့် ခရီးသွားများအနေဖြင့် အဆိုပါ ဟိုတယ် ၁၈ ခုအစား အခြား ဟိုတယ်များတွင် တည်းခိုကြရန် IWU က တိုက်တွန်းထားသည်။

ယခုပွဲတော်မှာ ဘာသာရေး ပွဲတော် ဖြစ်သောကြောင့် အင်းလေး အမျိုးသမီးသမဂ္ဂအဖွဲ့ (IWU) အနေဖြင့် တားဆီးပိတ်ပင်ခွင့် မရှိဘူးဟုဆိုသည်။

သို့သော် အင်းလေးဒေသအတွင်း အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်ကျင်းပမည့် အဆိုပါပွဲတော်မှာ ဒေသခံ များက ဦးဆောင်ခြင်းမျိုး မဟုတ်ဘဲ စစ်ကောင်စီ ထောက်ခံသူများနှင့် အကျိုးစီးပွား ပတ်သက်နေကြသော လူတစ်စုက ဦးဆောင်ကျင်းပခြင်း ဖြစ်၍ ပြည်သူများအနေဖြင့် အားတက်သရော ပါဝင်ခြင်း မလုပ်ကြဖို့လည်း တောင်းဆိုထားသည်။

မကြိုးကြာက “ဘုရားပွဲနဲ့ ပတ်သက်ပြီး ဒေသခံအနေနဲ့ ဘုရားပွဲဟာ မလုပ်တာကြာလို့ လုပ်သင့်တယ် ဆိုလို့ရင် ကိုယ့်ရိုးရာနဲ့ကိုယ် အေးအေးဆေးဆေး လုပ်သင့်တယ်ပေါ့နော်။ အခုလိုမျိုး စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ပွဲ မျိုး မဖြစ်စေချင်ဘူးပေါ့။ အခုဆိုလို့ရှိရင် မင်းအောင်လှိုင်ကြောင့် တစ်နိုင်ငံလုံးက စစ်ဘေးဒုက္ခတွေနဲ့ ဒုက္ခ ရောက်နေတဲ့ အချိန်မှာ အင်းလေးဒေသ တစ်ခုတည်း ပျော်ပွဲရွှင်ပွဲ ကျင်းပနေမယ် ဆိုလို့ရှိရင် တခြားဒေသက လူတွေအနေနဲ့ အင်းလေးဒေသကို စစ်ကောင်စီနဲ့ ပူးပေါင်းနေတယ် ဆိုပြီး မမြင်စေချင်ဘူးပေါ့နော်” ဟု ပြော သည်။

အင်းလေး ဖောင်တော်ဦး ဒေသစာရီကြွချီ ပူဇော်ပွဲကို ကျင်းပရန် စစ်ကောင်စီနှင့် စစ်ကောင်စီကို ထောက်ခံသူ များက စီစဉ်လျှက်ရှိရာ လက်ရှိ နိုင်ငံရေး အခြေအနေများကြောင့် ပွဲကိုအကျဉ်းချုံးပြီးသာ ကျင်းပစေချင်သည် ဟု ဒေသခံများနှင့် အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် IPDF အပါအဝင် ဒေသတွင်းရှိတော်လှန်ရေး အင်အားစု များကလည်း စက်တင်ဘာလ နောက်ဆုံးပတ်ထဲတွင် တောင်းဆို တိုက်တွန်းထားသည်။

အဆိုပါ အင်းလေးဖောင်တော်ဦး ဒေသစာရီ ကြွချီပူဇော်ပွဲက အောက်တိုဘာ ၁၅ ရက်နေ့ (သီတင်းကျွတ်လဆန်း ၁ ရက်နေ့)တွင် အင်းလေး ဒေသအတွင်းရှိ ၂၁ ဌာနကို စတင် ကြွချီပြီးနောက် ၁၇ ရက်အကြာ နိုဝင်ဘာလ ၁ ရက် နေ့ (သီတင်းကျွတ်လဆုတ် ၃ ရက်နေ့)တွင် ဖောင်တော်ဦး ရတနာစံကျောင်းတော်ကို ပြန်လည်ဆိုက်ရောက်ကာ ပွဲတော်ပြီးဆုံးမှာ ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်များက ပြောဆိုထားသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...