ဘီးလင်းရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားရ

ဘီးလင်းရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ရေဘေးသင့် ပြည်သူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားရတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေဟာ သြဂုတ် ၂ ရက်နေ့ကစပြီး စိုးရိမ်ရေမှတ်ထက် ၃၀ စင်တီ မီတာ ကျော်လွန်ရောက်ရှိလာတဲ့အတွက် မြေနိမ့်ပိုင်းကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ ရေကြီးရေလျှံတာနဲ့ ရွာလုံးကျွတ်နီးပါး ရေနစ်မြှုပ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ရေကြီးနစ်မြှုပ်မှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကန်သာယာ၊ ဘိုးရာဇာ၊ ဘိုးလှကြီး၊ ဆရာစံရပ်ကွက်တွေအပြင် သပြေနီ၊ အလူးလေး၊ ကြီးပင်၊ ကြိမ်ဖန်၊ တောင်စွန်း၊ ရွှေလှေ၊ နှင်းပုလဲကျေးရွာက ဒေသခံထောင်ချီ ရေဘေးကြုံနေရတာပါ။

ရေကြီးရေလျှံမှုကြောင့် ဘီးလင်းမြို့ပေါ် ရပ်ကွက် ၅ ခုမှာရှိတဲ့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတွေမှာ ကယ် ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားပြီး လာရောက်နေထိုင်သူ ၅၀၀ နီးပါး ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက ဆန်အပါအဝင် စားသောက် စရာတွေကို ကိုယ်ထူကိုယ်ထ လှူဒါန်းပေးတာတွေ ရှိနေပေမယ့် စစ်ကောင်စီရဲ့ အကူအညီရရှိမှု မရှိသလောက် နည်းပါးနေတာပါ။

ဒါပေမဲ့ စစ်ကောင်စီအုပ်ချုပ်ရေး အဖွဲ့ကတော့ ရေဘေး ကယ်ဆယ်ရေး စခန်းတွေကို သြဂုတ် ၄ ရက်နေ့မှာ ပြန်လည်ပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ ရေဘေးသင့်ပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ဘီးလင်းမြစ်ရေဟာ သြဂုတ် ၃ ရက်နေ့ ညနေ ၃ နာရီအချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁၀၂၂ စင်တီမီတာထက် ၂၆ စင်တီမီတာ ကျော်လွန်နေသေးတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဟာ ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုဘေးအန္တရာယ်ကို နှစ်စဉ်နီးပါး ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးမှာ လူပေါင်း ၇၀ နီးပါး သေဆုံးထားပါတယ်။

 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...
ဓါတ်ပုံ - CJ
July 7, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း...
July 6, 2026
စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက်...
July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...