KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်မ်းကို အတည်ပြုပါတယ်။

ဇူလိုင်လဆန်းပိုင်းကစပြီး KIO ဗဟို ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်ကို စစ်ကောင်စီတပ် စစ်ကြောင်း ထိုးထားတာကြောင့် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား နှစ်ဖက်စစ်ရေး တင်း မာနေသလို ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတာပါ။

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီးပတ်ဝန်းကျင်ကို ဇူလိုင် ၂၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ်ဆန်ယန်ရွာအနီးက မဒီးယာန်နဲ့ အောင်ဂျာကျေးရွာကြား ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မကြားရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“လေယာဉ်နဲ့ ဗုံးလာကြဲတာတော့ ရှိပါတယ်။ ဗုံးနဲ့လည်းကြဲတယ်။ နောက် Rocket တွေနဲ့လည်းပစ်တယ်။ အဲဒီက နေပဲ ပြန်ခေါက်သွားတာ။ ထိခိုက်မှုပျက်စီးမှုတွေရဲ့ အခြေအနေကတော့ အခုမကြားရသေးပါဘူး။ ကျွန်တော်တို့နဲ့ နည်းနည်းဝေးတယ်ဆိုတော့ ပြန်ပြီးမှစုံစမ်းမေးရမှာ။ အတည်ပြုပြောလို့ရတာကတော့ လေယာဉ်နဲ့လာပြီးမှ ဗုံးကြဲတယ်ဆိုတဲ့ဟာ အတည်ပြုပြောလို့ရပါတယ်”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကလည်း မြစ်ကြီးနား - ဗန်းမော်ကားလမ်းရှိ နေရာသုံးခုမှာ စစ်ကြောင်းလှုပ် ရှားလာ တဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့ သုံးကြိမ်ထက်မနည်း မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတဝိုက်မှာ စစ်ရေးလှုပ် ရှားမှုတွေ ဆက်ရှိနေတဲ့အတွက် နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“လောလောဆယ်တော့ (နှစ်ဘက်စစ်ရေး) တင်းမာနေတုန်းဖြစ်ပါတယ်။ မြေပြင်တိုက်ပွဲတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နမ်ဆန်ယန်ဘက်မှာလည်း စစ်ကောင်စီဘက်က ထိုးနေတုန်းဖြစ်ပါတယ်။ သူတို့ နည်းနည်း လုပ် တာနဲ့တော့ ကျွန်တော်တို့လည်းပြန်ပြီး ခုခံတိုက်ပွဲတွေ ရှိပါတယ်။ တင်းမာတဲ့ အနေ အထားဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ ညကလည်း နမ်ဆန်ယန်ကျေးရွာထဲကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ ကက်သလစ်ဘုရားကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အဆောက်အအုံပျက်စီးပြီး နွားလေးကောင်သေဆုံးခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း မန္တလေးကနေ ကချင်ပြည်နယ်ဘက်ကိုဦးတည်ပြီး ဧရာဝတီမြစ်ကြောင်းတလျှောက် စစ် လက်နက်နဲ့ ရိက္ခာပစ္စည်းတွေသယ်လာတဲ့ စစ်သင်္ဘော ၆ စီးနဲ့ လုံခြုံရေးယူပေးဖို့ သင်္ဘော ၃ စီး ဆန်တက် လာ တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေသတိထားသွားလာဖို့ လိုင်ဇာခရိုင်အုပ်ချုပ်ရေးရုံးက ဇူလိုင် ၄ ရက်နေ့မှာ သတိပေး ထုတ်ပြန်ထား ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာတော့ ဗန်းမော် - မြစ်ကြီးနား ကားလမ်းတစ်လျှောက် သွားလာတာတွေ အတတ်နိုင်ဆုံး ရှောင်ရှားဖို့ အပါအဝင် ကား၊ ဆိုင်ကယ်၊ ခြေလျင်ခရီးတွေနဲ့ မလွဲမရှောင်သာ သွားလာရမယ့် ကိစ္စပေါ်လာရင် စစ်ရေးသတင်းတွေကို သတိထားနားစွင့်ပြီး သွားလာကြဖို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ နေရာတွေကို သွားလာတာ မပြုဖို့၊ တိုက်ပွဲဖြစ်ပွားနိုင်တဲ့နေရာနဲ့ ဖြစ်ပွား လေ့ရှိတဲ့ နေရာတွေကို ရှောင်ကျဉ်ကြဖို့၊ စစ်ကောင်စီတပ်ကို လူအင်အားဖြစ်စေ ပစ္စည်းနဲ့ဖြစ်စေ ပါဝင်ကူညီတာ မပြုလုပ်ဖို့နဲ့ အသုံးချခံမဖြစ်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...
ဓါတ်ပုံ - CJ
July 7, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း...
July 6, 2026
စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက်...