ဒေါ်အောင်ဆန်းစုကြည် နာမည်ထုတ်သုံးရတဲ့အထိ စစ်ကောင်စီ သွေးရူးသွေးတမ်းဖြစ်လာ

ဒေါ်အောင်ဆန်းစုကြည် နာမည်ထုတ်သုံးရတဲ့အထိ စစ်ကောင်စီ သွေးရူးသွေးတမ်းဖြစ်လာ

ဘေးကျပ်နံကျပ် အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ဖမ်းဆီးအကျဉ်းချခံ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်ထုတ်သုံးရတဲ့အထိ သွေးရူးသွေးတမ်း ဖြစ်လာတယ်လို့ နိုင်ငံရေးအကဲ ခတ်တွေက ဝေဖန်လိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် အမိန့်ချမှတ်ခံထားရတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကနေ နေအိမ်အကျယ်ချုပ်မှာ ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေပေါ်ထွက်နေတာပါ။

မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇော်ကတော့ “အခု အခြေအနေအရ သူတို့တော်တော့်ကို အခက် အခဲကြီးပုံရတယ်။ ကျွန်မတို့မသိနိုင်တဲ့ အခက်အခဲတွေလည်း ရှိနိုင်တယ်။ အဲဒီတော့အခက်အခဲတွေကို သူတို့ ဘယ်လို ကျော်နိုင်မလဲဆိုတာ သူတို့ဟာသူတို့လည်း မစဉ်းစားနိုင်ဘူးထင်တယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစု ကြည် အကူအညီနဲ့ပြန်ပြီး ကျော်လို့များရမလားလို့ တွက်ဟန်တူတယ်။ သူတို့အချင်းချင်းကြားမှာလည်း ပဋိပက္ခ တွေ ရှိနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်မလား၊ မထုတ်ဘူးလားဆိုတာ” လို့ ပြောပါတယ်။

မြေပြင်တိုက်ပွဲတွေအပြင် နိုင်ငံရေး၊ စစ်ရေးနဲ့ သံတမန်ရေးရာတွေမှာ အဘက်ဘက်က ရှုံးနိမ့်နေလာတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးဖို့ ခြေလှမ်းပြင်လာတာပါ။

“ဘေးက ကြည့်ရတဲ့လူအဖို့ကလည်း စစ်ကောင်စီမှာ အခုလောလောဆယ် ပြတ်ပြတ်သားသား ဘာမူမှမရှိဘဲနဲ့ ကယောင်ကတမ်း သွေးရူးသွေးတမ်းတွေ ဖြစ်နေတယ်ဆိုတဲ့အချက်ပဲ ကျွန်မပြောနိုင်တယ်။ ကျန်တာကတော့ ခဏစောင့်ကြည့်ရလိမ့်မယ် တူပါတယ်” လို့ ဒေါက်တာလှကျော်ဇော်က ဆက်ပြောပါတယ်။

လာမယ့် ဩဂုတ်လ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် တည်ထားတဲ့ “မာရဝိဇယ” ရုပ်ပွားတော် အနေက ဇာတင်ပွဲ ကျင်းပဖို့ရှိနေပြီး အဲဒီရက်မှာ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ပြောင်းရွှေ့တဲ့ကိစ္စ ကြေညာမယ်လို့ AP သတင်းဌာနက ဇူလိုင် ၂၅ ရက်နေ့မှာ ဖော်ပြပါတယ်။

အလားတူ BBC သတင်းဌာနကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဝန်ကြီးအဆင့်နေထိုင်တဲ့ နေပြည် တော်က နေအိမ်တစ်အိမ်မှာ စစ်ကောင်စီက ပြောင်းရွှေ့လိုက်တယ်ဆိုပြီး သတင်းဖော်ပြပေမယ့် စစ်ကောင်စီ ဘက်ကတော့ လတ်တလော အတည်ပြုဖြေကြားနိုင်တာမရှိဘူးလို့ တုံ့ပြန်ခဲ့တာပါ။

တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် အနှစ် ၃၀ ကျော် ချမှတ်ထားတာဟာ ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ အပြီးပျောက်ကွယ်ဖို့ လုပ်ဆောင်ပေမယ့် အခုလို သူ့နာမည်ကို ထုတ်သုံးလာမှုဟာ စစ်ကောင်စီအနေနဲ့ ဘေးကျပ်နံကျပ် ရင်ဆိုင်နေရတဲ့ အခြေအနေလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါ တယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ “စစ်ကောင်စီအနေနဲ့ သူ့ကို (ဒေါ်အောင်ဆန်းစုကြည်) ထုတ်ပြီး သုံးမယ် ဆိုရင် သူတို့အနေနဲ့ (စကစ) အခွင့်အရေးတွေ အများကြီးရှိတာပေါ့။ ငြိမ်းချမ်းရေးအတွက်သုံးမလား ဒါမှမဟုတ် သူ့အဖွဲ့တွေကို ထိန်းဖို့နေရာမှာသုံးမလား ဒါမှမဟုတ် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် အများကလက်ခံ လာအောင် သုံးမယ်ဆိုလည်း သုံးလို့ရတာပေါ့။ အဲဒီလို အခြေအနေမျိုးရှိတော့ ဒေါ်စုကတော့ လိုရင်လိုသလို ထုတ်ပြီးတော့ ကစားချင်းခံရမှာပဲ။ ဒါက စစ်ကောင်စီဘက်က လုပ်မယ်ဆိုတာ သေချာတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လူထုကြားထဲ လွတ်လွတ်လပ်လပ်လပ် နိုင်ငံရေးလှုပ်ရှားခွင့်ရအောင် စစ်ကောင်စီက ခွင့်ပြုမှာမဟုတ်ဘဲ အကန့်အသတ်နဲ့သာ သူတို့အကျိုးအမြတ်အတွက် လိုသလို ထုတ်သုံးလာ မယ်လို့ ဦးဖေသန်းက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပြီး တွေ့ဆုံ ဆွေးနွေးရေးကို အားပေးကြောင်း သတင်းစကားပါးခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ သူတို့နှစ်ဦး ဘာတွေ ဆွေးနွေးကြသလဲဆိုတာ အသေးစိတ်မသိရှိဘူးလို့ အတည်ပြုခဲ့တာပါ။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အခုနှစ် ဇူလိုင် ၉ ရက်နေ့ မတိုင်ခင်အထိ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အ စည်းတွေ သံတမန်တွေက တွေ့ခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။

ဒါပေမယ့် နိုင်ငံကိုတည်ငြိမ်အောင် အလေးထားဖို့ လိုအပ်နေသေးတဲ့ စစ်ကောင်စီကစစ်ရေးချိန်ခွင် လျှာ မညီမျှ တော့တဲ့ အခြေအနေနဲ့အတူ တိုးယူထားတဲ့ အရေးပေါ်သက်တမ်းကုန်ဆုံးခါနီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းကျစဉ်ကာလတွေအတွင်း နိုင်ငံခြား သံတမန် တွေ အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ပြုပြီး နေအိမ်အကျယ်ချုပ် ပြန်ထားတာဟာ အရင်စစ်အစိုးရ အဆက် ဆက် ကျင့်သုံးခဲ့တဲ့ နည်းလမ်းသာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

Most read this week

December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...