စစ်ကောင်စီ ငြိမ်းချမ်းရေးညီလာခံ မြောက်ပိုင်း EAO သုံးဖွဲ့ တက်ရောက်မည်မဟုတ်

စစ်ကောင်စီ ငြိမ်းချမ်းရေးညီလာခံ မြောက်ပိုင်း EAO သုံးဖွဲ့ တက်ရောက်မည်မဟုတ်

စစ်ကောင်စီက ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးညီလာခံကို မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့  သုံးဖွဲ့ တက်ရောက်မှာ မဟုတ်ဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ငြိမ်းချမ်းရေးညီလာခံနဲ့ပတ်သက်ပြီး လတ်တလောမှာ အဖွဲ့အစည်းအတွင်း ကြေကြေလည်လည် မတင်ပြနိုင် သေးတဲ့အတွက် တကယ်လို့ကျင်းပခဲ့ရင် မတက်ရောက်နိုင်သေးတာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

“ငြိမ်းချမ်းရေးညီလာခံလုပ်ချင်တဲ့ကိစ္စ ဘယ်လိုမြင်တယ်ဆိုတာ သူတို့က (NSPNC) ဆွေးနွေးတယ်၊ သူတို့ လုပ် ချင်တဲ့ဟာ ဘာညာပေါ့၊ ထောက်ခံလား၊ မထောက်ခံလားဆိုတာမျိုးပေါ့။ ကျွန်တော်တို့လည်း နားလည်တယ်။ ထောက်ခံတယ် မထောက်ခံဘူးဆိုတာ ကျွန်တော်တို့ ကိုယ်စားလှယ်တွေလောက်ပဲ ဖြစ်တော့ အဖွဲ့အစည်းရဲ့ သဘောထားအားလုံး ကြေကြေလည်လည် မတင်ပြနိုင်သေးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က မှတ် ချက် မပေးနိုင်သေးဘူး ခင်ဗျ။ အဲဒီလိုလေးပါပဲ လက်မှတ်ထိုးတာ လတ်တလောမှာ မတက်နိုင်သေးဘူး၊ အကယ် လို့ (ငြိမ်းချမ်းရေးညီလာခံ)လုပ်မယ်ဆိုရင် ကျွန် တော်တို့ မတက်နိုင်ဘူး၊ ပါဝင်တက်ရောက်နိုင်ဖို့ ကျွန်တော်တို့ သုံးဖွဲ့ အဆင်သင့် မဖြစ်ဘူးပေါ့” လို့ ပြောပါတယ်။

အခု ဒီတကြိမ် တွေ့ဆုံဆွေးနွေးမှုဟာ ပြီးခဲ့တဲ့အကြိမ်တွေက ဆွေးနွေးပြီးခဲ့တဲ့ ကိစ္စတွေကို ပြန်စုစည်းပြီး သ ဘောတူ လက်မှတ်ထိုးတာလောက်ပဲ ရှိတယ်လို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ရှင်းပြပါတယ်။

ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တို့မှာ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ အပစ်ရပ်မထိုးတဲ့ မြောက် ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ “ဝ” အဖွဲ့ UWSP၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲ ပထမရက်မှာတော့ အရင်ဆွေးနွေးပွဲတွေမှာ  သဘောတူထားတဲ့အချက်တွေကို အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု အခြေအနေတွေနဲ့ EAOs တွေဘက်က ဆွေးနွေးလိုတဲ့အချက်တွေကို အပြန်လှန်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒုတိယရက်မှာတော့ နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်တွေအရ နှစ်ဖက်သဘောထားတွေကို ထပ်မံဆွေးနွေးကြ ပြီး အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြ တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ နဲ့ ၂၃ ရက်နေ့တုန်းကလည်း စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ရွေး ကောက်ပွဲနဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ကိစ္စရပ်နဲ့ပတ်သက်ပြီး အပစ်ရပ်မထိုးတဲ့ မြောက်ပိုင်း EAO သုံးဖွဲ့ကို ဆွေးနွေး ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်နောက်ဆုံးပတ်မှာလည်း အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) နဲ့ ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ (ALP) တို့ကို ဆွေးနွေးတင်ပြခဲ့တာပါ။

အဲဒီနောက်ပိုင်း မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကို ဇူလိုင်လ ပထမပတ်နဲ့ ဒုတိယပတ်တို့မှာ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က တစ်ဖွဲ့ချင်းစီတွေ့ဆုံပြီး ငြိမ်းချမ်း ရေး ညီလာခံ ကျင်းပရေးကိစ္စ ထပ်မံတင်ပြခဲ့ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးတိုက်ပွဲမှာ ပါဝင်နေကြသူတွေ မဟုတ်တဲ့အတွက် ငြိမ်းချမ်းရေး ညီလာခံ ဖြစ်လာနိုင်စရာမရှိဘူးလို့ သုံးသပ်ကြပါတယ်။

လက်ရှိမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချင်း၊ကရင်နီနဲ့ စစ်ကိုင်းဒေသတို့မှာ အဆိုး ရွားဆုံး အခြေအနေ ဖြစ်နေတာကြောင့် လုံခြုံရေး ပိုမိုလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြော ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အပစ်ရပ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၃ ဖွဲ့တို့က စစ်ကောင်စီနဲ့ ၅ ကြိမ်ထက်မနည်း ဆွေးနွေးထားကြပြီး ဖြစ်ပါတယ်။

Most read this week

December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...